Pages
▼
Tuesday, September 16, 2014
ကူပြီးတွန်းပေးကြပါ
(ဆောင်းပါးရှင် - စိုးခိုင်ညိန်း)
ကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ရှိတယ်။ ရွာလေးနှစ်ရွာရှိသတဲ့။ တစ်ရွာက စည်ပင်ဖွံ့ဖြိုးတိုးတက်ပြီး တစ်ရွာကတော့ ဒုံရင်းဒုံရင်းနဲ့ မဖွံ့ဖြိုးမတိုးတက်တဲ့အပြင် ပို၍သာဆိုးနေတယ်။ အဲဒီတော့ မတိုးတက်တဲ့ရွာက ရွာသူကြီးက ဟိုဘက်က တိုးတက်နေတဲ့ ရွာကိုကြည့်ကာ အားကျစိတ်ဖြစ်ပြီး သူ့ရွာကိုလည်း တိုးတက်ချင်စိတ်ဖြစ်တယ်။ သူ့ရွာမှာ ဘာတွေအားနည်းချက်တွေ ရှိသလဲလို့ သူသိချင်တယ်။ ဘာ့ကြောင့်မတိုးတက်သလဲဆိုတဲ့ အကြောင်းကို ရှာချင်တယ်။ ဒါနဲ့ သူ့ရွာမှာရှိတဲ့ ယောက်ျားသားတွေခေါ်ပြီး ပြောတယ်။ မင်းတို့အားလုံးနဲ့ ဒီအိမ်မှာ ပျော်ပွဲစားဖို့ကိစ္စအတွက် ခေါ်တာပဲ။ လာမယ့် ၈ ရက်နေ့မှာ နံနက် ၁၀ နာရီအချိန် အကုန်လုံး ဒီအိမ်မှာ ပျော်ပွဲစားကြမယ်။ မင်းတို့က အိမ်ကနေ ထန်းရည်တစ်ယောက်တစ်မြူစီ ယူခဲ့ကြရမယ်။ ဒီမှာ စဥ့်အိုးကြီးတွေ ချထားမယ်။ မင်းတို့ အဲဒီနေ့ရောက်ရင် ထန်းရည်ကို ဒီအိုးကြီးတွေထဲထည့်ပြီး ပျော်ပျော်ပါးပါး ၀ိုင်းပြီးစားသောက်ကြမယ်။
ရွာသားတွေက ပျော်ပွဲစားရမယ်ဆိုတော့ အရမ်းပျော်သွားကြတာပေါ့။ အဲဒီနေ့ကို မြန်မြန်ပဲရောက်ချင်နေကြတယ်။ အဲဒီမှာ ပျင်းတဲ့ရွာသားတစ်ယောက်က အဲဒီနေ့လည်းရောက်တော့ အိပ်ရာထတာ နောက်ကျသွားတဲ့အတွက် ထန်းလှီးဖို့ အချိန်မမီတော့ဘူး ဖြစ်သွားတယ်။ အချိန်ကလည်းကပ်နေပြီ။ ပျာပျာသလဲထပြီး ဘယ်လိုလုပ်ရမလဲပေါ့ စဉ်းစားတယ်။ ခပ်တည်တည်နဲ့ ရေပဲထည့်သွားမယ်။ ငါ့ရေတစ်မြူလောက်နဲ့တော့ အရသာပျက်မသွားလောက်ဘူးပေါ့။ ကျန်တဲ့သူအားလုံးက ထန်းရည်ယူခဲ့မှာဆိုတော့ ပြဿနာမရှိနိုင်ဘူး။ ဘယ်သူမှလည်း ငါရေယူလာတာ သိမှာမဟုတ်ဘူး။ အဲဒီလို စဉ်းစားပြီး ထန်းရည်ထည့်တဲ့အိုးထဲကို ရေပဲထည့်ပြီးသွားတယ်။ ဟိုရောက်တော့ လူကအတော်စုံနေပါပြီ။ စဥ့်အိုးနှစ်လုံးကလည်း ပြည့်လုပြည့်ခင်ဖြစ်နေပြီ။ စဥ့်အိုးတစ်လုံးထဲကို ခပ်တည်တည်နဲ့ လောင်းထည့်လိုက်ပြီး သူများတွေနဲ့အတူ ရောပြီးထိုင်နေလိုက်တယ်။ အချိန်လည်းကျ လူလည်းစုံတော့ ရွာသူကြီးက “ကဲ.. စကြမယ်” ဆိုပြီး အသင့်စီစဉ်ထားတဲ့ ကြက်ကြော်စသည့် အမြည်းတွေနဲ့ ၀ိုင်းအသီးသီးဖွဲ့ပြီး သောက်ကြတော့ အကုန်လုံးက ဟင်..ဟာ..အိုဆိုပြီး အာမေဍိတ်သံတွေနဲ့ အံ့သြကုန်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့သောက်တဲ့ထန်းရေက ဘာအရသာမှမရှိဘဲ ရေချည်းသက်သက် ဖြစ်နေတာကိုး။ လူတိုင်းလူတိုင်းက ရေသာခိုပြီး ငါ့ရေတစ်မြူလောက်နဲ့ ဘာမှမဖြစ်လောက်ပါဘူး။ အရသာမပျက်လောက်ပါဘူးဆိုပြီး အကုန်လုံးက ရေပဲခပ်ထည့်လာကြတာလေ။ အဲဒီတော့ ရွာသူကြီးက သူ့ရွာဘာ့ကြောင့် မတိုးတက်သလဲဆိုတာ သိသွားပြီး ဆုံးမသြ၀ါဒပေးကာ ပြန်လွှတ်လိုက်သတဲ့။ ပုံပြင်လေးကတော့ ဒါပါပဲ။
ကျွန်တော်တို့ဟာ နိုင်ငံတစ်ခုမှာပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်း တစ်ခုမှာပဲဖြစ်ဖြစ်၊ မိသားစုတစ်ခုမှာပဲဖြစ်ဖြစ် အသီးသီးလုပ်ဆောင်ရမယ့် တာဝန်ကိုယ်စီတွေ ရှိကြပြီးသားပါ။ နိုင်ငံမှာဆိုရင် ၀န်ကြီးဌာနအလိုက် ပေးထားတဲ့တာဝန်တွေ အသီးသီးရှိကြတယ်။ အဲဒီပေးထားတဲ့ တာဝန်တွေအားလုံးကို ရေသာမခိုဘဲ ဟန်ချက်ညီညီလုပ်ဆောင်မှ ရှေ့ကိုရောက်မှာဖြစ်ပါတယ်။ နေရာစုံထောင့်စုံက ဟာကွက်မရှိဘဲ တာဝန်ကိုယ်စီ ကျေပွန်နေဖို့ အရေးကြီးပါတယ်။ ၀န်ကြီးဌာနတစ်ခုက အလုပ်မလုပ်ဘဲ ရေသာခိုနေမယ်ဆိုရင် လူကြီးတစ်ယောက်က အလုပ်မလုပ်ဘဲ ရှိတာယူနေမယ်ဆိုရင် အဲဒီနိုင်ငံဟာ မတိုးတက်နိုင်တော့ပါဘူး။ ကျွန်တော်တို့ ဌာနတစ်ခုမှာပဲ လက်မှတ်ကလေး တစ်ချက်ရဖို့ အဆင့်ဆင့်သွားရ၊ ရောက်ပြန်တော့လည်း လူမလာသေးလို့စောင့်ရ၊ ဟိုရက်ချိန်းလိုက် ဒီရက်ချိန်းလိုက်၊ ဟိုလူ့လွှဲလိုက်၊ ဒီလူ့လွှဲလိုက်နဲ့ တော်တော်နဲ့ ကိစ္စကမပြီးတော့ တစ်ခါတစ်ခါမှာ လူရှိလျက် ချက်ချင်းလုပ်ပေးလိုက်လည်း ရရဲ့သားနဲ့ သက်သက်အချိန်ဆွဲပြီး လုပ်မပေးတာတွေလည်း ကြုံဖူးပါတယ်။ အဖွဲ့အစည်းတစ်ခုမှာ ကိုယ်ယူထားတဲ့ တာဝန်အသီးသီးကို ကျေပွန်အောင် ထမ်းဆောင်ပါမှ အဲဒီအဖွဲ့အစည်း တိုးတက်အောင်မြင်မှာပါ။ အဲဒီအထဲက တစ်စုံတစ်ယောက်က ရေသာခိုနေမယ်ဆိုရင်
သူ့လုပ်ဆောင်မှုတွေ ပျက်ကွက်နေမယ်ဆိုရင် တိုးတက်ဖို့ မဖြစ်နိုင်ပါဘူး။ မိသားစုတစ်ခုမှာပင် လူအားလုံးဟန်ချက်ညီညီနဲ့ တာဝန်ကိုယ်စီ ကျေပွန်မှ ချမ်းသာနိုင်တာပါ။ အိမ်ရှင်မက အိမ်ရှင်မတာဝန်၊ ကျောင်းသားက ကျောင်းသားတာဝန်၊ အိမ်ထောင်ဦးစီးက အိမ်ထောင်ဦးစီးတာဝန်၊ စီးပွားရှာတဲ့သူက စီးပွားရှာတဲ့တာဝန် အသီးသီးလုပ်ဆောင်နေရမှာပါ။ ကျောင်းသားက ကျောင်းပျက်မယ်၊ အိမ်ရှင်မက အိမ်မှုကိစ္စတာဝန် လစ်ဟင်းမယ်၊ စီးပွားရှာတဲ့သူက သောက်စားနေမယ်ဆိုရင် အဲဒီမိသားစု တိုးတက်ဖို့ မရှိတော့ပါဘူး။
ကျွန်တော်တို့ဟာ အခွင့်အရေးရရင်ရသလို အချောင်ခိုချင်ကြပါတယ်။ ဒီဟာလေးတစ်ခု ငါမလုပ်လည်း ဘာမှမဖြစ်နိုင်ပါဘူးဆိုပြီး ရရင်ရသလို အချောင်ခိုနေတတ်လေ့ ရှိပါတယ်။ လစ်ဟင်းသွားတဲ့ သေးမွှားတဲ့ကိစ္စလေးတွေ မြောက်မြားစွာနဲ့ တကယ်ကြီးမားတဲ့ ကိစ္စကြီးတွေ ဖြစ်လာတာပါ။ စက်အစိတ်အပိုင်း အသီးသီးက သူ့ဟာနဲ့သူ တာဝန်ကျေပွန် လုပ်ဆောင်နေမှ ကားကမောင်းနှင်နိုင်တာပါ။ အင်ဂျင်ထဲက အစိတ်အပိုင်းတစ်ခုခု ချို့ယွင်းသွားပြီး မလုပ်ဆောင်တော့ဘူးဆိုရင် ကားက ထိုးရပ်သွားပါလိမ့်မယ်။ အဲဒီလိုပါပဲ။ နိုင်ငံတစ်ခု တိုးတက်အောင်မြင်ဖို့ဆိုတာ လူတိုင်းမှာ တာဝန်ရှိပါတယ်။ ကိုယ်ကျရာ တာဝန်အသီးသီးကို ကျေပွန်အောင် ဆောင်ရွက်ပါမှ ရှေ့ကိုရောက်ပါမယ်။ ဌာနတစ်ခုက အားကြိုးမာန်တက် လုပ်ဆောင်နေပေမယ့် ဌာနတစ်ခုက ပျက်ကွက်နေမယ်ဆိုရင် ရှေ့ကိုရောက်ဖို့ တရွတ်ဆွဲသလို ဖြစ်နေပါမယ်။
အဘက်ဘက် နိမ့်ကျနေသော ကျွန်တော်တို့နိုင်ငံကို တွန်းတင်တဲ့အခါမှာ အင်အားလိုပါတယ်။ လူနည်းစုလေး တစ်စုကသာလျှင် တွန်းတင်နေမယ်ဆိုရင်တော့ ဘယ်လိုမှ အထက်ရောက်နိုင်မည် မဟုတ်ပါ။ တောင့်တင်းတဲ့အင်အားဖြစ်ဖို့ လူအများစု လိုပါတယ်။ လူအများစုလုံးက ခိုကတ်နေရင်လည်း မဖြစ်ပြန်ပါဘူး။ အားလုံးပြိုင်တူ ညီညွတ်နေပါမှ အားလုံးတက်ညီလက်ညီ မခိုမကတ် လုပ်ဆောင်ပါမှ ခိုင်မာတောင့်တင်းတဲ့ အင်အားဖြစ်လာပြီး အဲဒီညီညွတ်မှုအင်အားနဲ့ တွန်းတင်လိုက်မည်ဆိုပါလျှင် ကျွန်တော်တို့နိုင်ငံသည် ခဏချင်းထိပ်သို့ ရောက်ပါတယ်။
ကျွန်တော်တို့ ကလေးကတည်းက အလွတ်ရနေတဲ့ ကဗျာလေးတစ်ပုဒ် ရှိပါတယ်။
ဇွန်ပန်းရုံအနီး
လှည်းဘီးနွံထဲကျွံနေသည်
ကူ၍တွန်းပေးကြပါ
လေးလွန်း၍မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။
အတော်လေး ချစ်စရာကောင်းပြီး လေးစားလိုက်နာစရာကောင်းတဲ့ ကဗျာလေးဖြစ်ပါတယ်။
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်တဲ့။ ဟုတ်ပါတယ်။ ဒါဟာအမှန်ပါပဲ။ လူငါးယောက်ဆိုပါစို့။ ပြိုင်တူညီညီညာညာ တွန်းတင်လျှင် ရွေ့နိုင်ပါတယ်ဆိုတဲ့ သဘော။ အဲဒီအထဲ တစ်ယောက်ယောက်က မတွန်းဘဲ ရေသာခိုနေလိုက်မယ်ဆိုရင် တွန်းမတင်ဘူးဆိုလျှင် မရွေ့တော့ဘူးပေါ့။ စည်းလုံးခြင်းသည် အင်အားလို့ ဆိုထားသည်ပဲ မဟုတ်လား။ ကျွန်တော်တို့လှည်းဘီး နွံထဲနစ်နေတဲ့နှစ်တွေ နှစ်ပေါင်း ၅၀ မက များခဲ့လှပါပြီ။ ကျွန်တော်တို့ကူညီပြီး ပြိုင်မတွန်းခဲ့ကြ။ ရေသာခိုပြီး နေခဲ့ကြတာ နှစ်တွေမနည်းမနောပါဘဲ။ ကြာတော့ တဖြည်းဖြည်း နက်သထက်နက်၊ နွံထဲနစ်သထက် နစ်နေခဲ့တာကို ကျွန်တော်တို့ ဒီအတိုင်း ကြည့်နေခဲ့ကြတယ်။ တစ်ယောက်စ နှစ်ယောက်စက တွန်းတင်နေခဲ့ပေမယ့် အရာမရောက်ခဲ့။ နွံထဲနစ်နေသော နိုင်ငံကို တွန်းတင်ဖို့ဆိုတာ တစ်ယောက်တည်းနဲ့ မရနိုင်ပါ။ နိုင်ငံသားအားလုံး ပြိုင်တူညီညီညာညာ တွန်းတင်မှ နွံထဲကလွတ်ပေလိမ့်မည်။ ကျွန်တော်တို့မှာ ပြိုင်တူတွန်းတင်ဖို့မပြောနဲ့ အချင်းချင်းရန်ဖြစ်နေတာကိုပဲ ဖြေရှင်းလို့မပြီးနိုင် ဖြစ်နေရတယ်။ ရန်ပွဲစဲအောင် လုပ်နေရတာနဲ့ပဲ တွန်းတင်ဖို့ကိစ္စကို လုပ်ဆောင်ဖို့ နှစ်ပေါင်းမြောက်မြားစွာ နှောင့်နှေးခဲ့ရတယ်။
နွံနစ်နေခဲ့တဲ့ နှစ်တွေကိုကြည့်ပြီး ကျွန်တော်တို့သင်ခန်းစာယူပြီး ၀ိုင်းလုပ်ဆောင်ဖို့ အချိန်တန်ပါပြီ။ နွံထဲကလွတ်ပြီဆိုတာနဲ့ ဖြောင့်ဖြူးတဲ့လမ်းကြောင်းပေါ်ကို ရောက်ပါပြီ။ အဲဒီဖြောင့်ဖြူးမှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်ပြီဆိုတာနဲ့ တွန်းတင်နေတဲ့ ကျွန်တော်တို့ သိပ်အားစိုက်စရာ မလိုတော့ပါ။ သူ့အရှိန်နဲ့သူ လိမ့်သွားလိမ့်မယ်။ ကျွန်တော်တို့က မှန်ကန်တဲ့လမ်းကြောင်းပေါ် တည့်မတ်စွာသွားနေဖို့ ပဲ့ကိုင်ပေးနေရုံပါပဲ။ တွန်းတဲ့အားကောင်းရင် ကောင်းသလို အရှိန်ကလည်း မြန်နေမှာပါ။
လူတစ်ယောက်မှာပင် သွားတဲ့အခါဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့အခါဖြစ်ဖြစ်၊ လက်တွေခြေတွေက ဟန်ချက်ညီညီနဲ့ လုပ်ဆောင်မှ ရှေ့ရောက်နိုင်တာပါ။ သွားနေတဲ့အခါ ခြေထောက်တစ်ချောင်းက ရေသာခိုနေရင် ဘယ်လိုမှ ရှေ့မရောက်နိုင်၊ သူ့ဆိုင်ရာဆိုင်ရာ တာဝန်တွေ ကျေပွန်အောင် လုပ်ဆောင်နေရပါတယ်။ ဘာမှမလုပ်ဘဲ ရေသာခို ထိုင်နေမယ်ဆိုရင်တော့ အဲဒီလူတစ်ယောက် ဘယ်လိုမှ ရှေ့မရောက်နိုင်ပါ။ မတိုးတက်နိုင်ပါ။
အခု နွံထဲက လွတ်ဖို့နီးနေပါပြီ။ အားလုံးဝိုင်းဝန်ပြီး တက်ညီလက်ညီနဲ့ ပြိုင်တူဝိုင်းပြီး တွန်းတင်လိုက်ကြပါစို့။
No comments:
Post a Comment