Tuesday, December 13, 2016

မြန်မာ့လက်ဝှေ့ အလွတ်တန်း ကမ္ဘာ့ချန်ပီယံ Dave Leduc တို့စုံတွဲ မြန်မာ့ ထုံးတမ်းဖြင့် လက်ထပ်ထိမ်းမြား




------ ------ ------ ------ ------
ဒီဇင်ဘာ ၁၁ ရက်နေ့က မြန်မာပြည်အလွတ်တန်းချန်ပီယံနှင့် ၇၅ ကီလိုတန်း ကမ္ဘာ့ချန်ပီယံ ထွန်းထွန်းမင်းကို တတိယအချီတွင် အလဲထိုး အနိုင်ယူပြီး မြန်မာ့လက်ဝှေ့ အလွတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာသူ ကနေဒါနိုင်ငံသား Dave Leduc နှင့် ချစ်သူ Irina Terehova တို့၏ မြန်မာ့ဓလေ့ထုံးတမ်းနှင့်အညီပြုလုပ်သော မင်္ဂလာပွဲကို ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် စင်ထရယ်ဟိုတယ်၌ ကျင်းပသည်။ ဒေ့ဗ်၏မင်္ဂလာပွဲကို မြန်မာမီဒီယာဂရုမှ ဦးဝဏ္ဏက စီစဉ်ပေးခြင်းဖြစ်ပြီး ပွဲစီစဉ်ဖြစ်ပုံကို ၎င်းက ယခုကဲ့သို့ရှင်းပြသည်။

“သူတို့နှစ်ယောက်က ကျွန်တော့်ကို အဖေလို့ ခေါ်တယ်ပေါ့နော်။ မြန်မာယဉ်ကျေးမှုကို သူတို့ တော်တော်ချစ်မြတ်နိုးပါတယ်။ မြန်မာလို မင်္ဂလာဆောင်ချင်တယ်ပြောတော့ ကျွန်တော်က ဒီဇင်ဘာပွဲမှာ မင်းနိုင်အောင်ထိုး နိုင်ရင် မင်္ဂလာဆောင်ပေးမယ်လို့ ပြောခဲ့တယ်။ တကယ်ပဲ သူနိုင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်က ကတိအတိုင်း မင်္ဂလာဆောင်ပေးခဲ့တာပါ။ အမှန်တော့ နိုင်နိုင်ရှုံးရှုံး မင်္ဂလာဆောင်ပေးဖို့ အစီအစဉ် ရှိပါတယ်။ ဖိတ်စာတွေကအစ ကြိုပြီးရိုက်ထားပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ အခြေချဖို့ သူတို့မှာ အစီအစဉ်ရှိပါတယ်။ မြန်မာလိုလည်း ၀တ်ကြတယ်။ မြန်မာ
အစားအစာတွေထဲမှာ မုန့်ဟင်းခါးကို အကြိုက်ဆုံးလို့ ပြောတယ်။ ရွှေတိဂုံဘုရာဆိုလည်း တပတ်တခါ ဖူးပါတယ်”ဟု ဦးဝဏ္ဏက ပြောသည်။
ထွန်းထွန်းမင်းနှင့် ဒေ့ဗ်တို့ ယှဉ်ပြိုင်မထိုးသတ်မီ ပွဲကြိုသတင်းစားရှင်းလင်းပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဌက အနိုင်ရရှိသူကို အလွတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် သတ်မှတ်မည်ဟု ကြေညာခဲ့ရာ မြန်မာ့လက်ဝှေ့ စုစုပေါင်း ထိုးသတ်ပွဲ ၃ ပွဲသာရှိသေးသော်လည်း ဒေ့ဗ်သည် မြန်မာ့လက်ဝှေ့ အလွတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့သည်။ ဒေ့ဗ်သည် သြဂုတ်လအတွင်းက မြန်မာမီဒီယာဂရုက စီစဉ်ကျင်းပသော မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲတွင် တူးတူးနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ (အစီး)သရေ၊ အောက်တိုဘာလအတွင်းက GTG ဂရုမှ စီစဉ်ကျင်းပသော နိုင်ငံတကာ အထူးစိန်ခေါ်ပွဲတွင် ထွန်းထွန်းမင်းနှင့် (အစီး)သရေနှင့် ဒီဇင်ဘာ ၁၁ ရက်က မြန်မာမီဒီယာဂရုက စီစဉ်ကျင်းပသော KBZ အောင်လံလုပွဲတွင် ထွန်းထွန်းမင်းနှင့် မကျေပွဲထိုးသတ်ရာ တတိယအချီတွင် ထွန်းထွန်းမင်း ဒူးဒဏ်ရာရရှိခဲ့ပြီး အလဲထိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားသို့ ဖိတ်ကြားထားသူများ၊ ရိုးရာလက်ဝှေ့လောကသားများ တက်ရောက်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သတင်းနှင့်ဓါတ်ပုံ - ရွှေဖီး

No comments:

Post a Comment