Sunday, March 26, 2017

(၇၂)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှားစေးဘိုတံတားနှင့် ရေလျှံတံတား ဖွင့်လှစ်၊ တပ်နယ်အသီးသီး၌ စုပေါင်းသွေးလှူဒါန်းခြင်းများပြုလုပ်



နေပြည်တော် မတ် ၂၅
(၇၂)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကျီတော်-ပျဉ်ဂမ်း-ရေလျှံ-ရှားစေးဘိုကျေးရွာချင်းဆက်လမ်းရှိ တပ်မတော်မှ တာဝန်ယူတည်ဆောက် ပေးခဲ့သည့် ရှားစေးဘိုတံတားနှင့် ရေလျှံတံတားဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင်ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်ကစား ပြန်လည်ပြောကြားသည်။ ထို့နောက် တံတားဖွင့်ပွဲအထိမ်းအမှတ်အလံများပေးအပ်ရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။ ယင်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးတံတားများအား လိုက်လံကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါတံတားများကို ဒေသခံပြည်သူများ မိုးတွင်းကာလတွင် အဆင်ပြေချောမွေ့စွာ သွားလာ နိုင်ရေးအတွက် တပ်မတော်မှ တာဝန်ယူတည်ဆောက်ပေးခြင်းဖြစ်ပြီး ရှားစေးဘိုတံတားမှာ အရှည် ပေ ၁၂၀ နှင့် အကျယ် ၁၆ ပေရှိ အုတ်ခုံခံသစ်သားတံတားဖြစ်ပြီးရေလျှံတံတားမှာ အရှည် ပေ ၇၀ နှင့် အကျယ် ၁၆ ပေရှိ သစ်သားတံတားအမျိုးအစားဖြစ်ကြောင်း
သိရှိရသည်။


ထို့ပြင် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် တောင်ငူတပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက တောင်ငူမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးသို့ စုပေါင်းသွေးလှူဒါန်းကြရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
အလားတူ တပ်နယ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပဲခူးမြို့၊ ပြည်မြို့၊ အင်းမမြို့၊ သံတောင်ကြီးမြို့နှင့် အုတ်တွင်းမြို့များရှိ တပ်မတော်ဆေးရုံများသို့ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment