Sunday, March 8, 2015

စာအုပ်ရောင်းရငွေများကို မြတိဂုံစေတီတော်သို့ လှူဒါန်းမည်ဟု ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ဆို

Sunday, March 8, 2015
လူမှုကွန်ရက်ပေါ်တွင် အမျိုးမျိုး ဝေဖန်ခြင်းခံခဲ့ရသော တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ရေးသားသော “ကြုံတွေ့ခဲ့ရသော ကျွန်တော့်ဘဝ အထွေထွေ” စာအုပ် ရောင်းရငွေများကို မြောင်းမြမြို့ရှိ မြတိဂုံစေတီတော်ကြီး အတွက် လှူဒါန်းမည်ဟု
ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က The Voice နှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြားသည်။
စာမျက်နှာ ၆၅၇ မျက်နှာ ပါရှိသည့် အဆိုပါစာအုပ်တွင် ယခင်အစိုးရလက်ထက် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အရေးအခင်းနှင့် ပတ်သက်၍ “ကျွန်တော်တို့ လူလည်းစုံရော... တို့.. ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တားဆီးရမယ်။ ဖြစ်တဲ့နည်းနဲ့ တားဆီးရမယ်လို့ ပြောပါသည်။ ထိုအချိန်တွင် ကျွန်တော်ကပဲ အကြမ်းဖက် တားဆီးတာမျိုး မလုပ်သင့်ကြောင်း ပြောသောအခါ ကျွန်တော့် တင်ပြမှုကို လူကြီးက သဘောမတူပါ။ အဲဒါကလည်း ကျွန်တော့်အတွက် ကောင်းသည်ဟု မြင်ပါသည်။ အဲဒီမှာတင် ... ဒီကိစ္စနဲ့ ပတ်သက်၍ ကျွန်တော့်ကို လုံးဝ တာဝန်မပေးတော့ဘဲ ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းကို ဦးဆောင်စေကာ အဖွဲ့ဝင်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ကို လိုက်ပါစေလျက် ရဟတ်ယာဉ်ဖြင့် မုံရွာသို့ စေလွှတ်လိုက်ပါသည်” ဟု ရေးသားဖော်ပြခဲ့သည်။
“စာအုပ်တာထုတ်တာ လုပ်ပေးတဲ့သူနဲ့ ဘာစာချုပ်စာတမ်းမှ ရေးထားတာ၊ လုပ်ထားတာ မရှိဘူး။ အဘကတော့ စာအုပ်ကရတဲ့ အကျိုးအမြတ်တွေကို မြောင်းမြမှာ တည်နေတဲ့ ဘုရားကြီးအတွက် လှူဒါန်းသွားမှာပါ။ ဘုရားတည်တာလည်း ပိုက်ဆံ တော်တော်ကုန်တယ်လေ” ဟု ပြောဆိုသည်။
“ကြုံတွေ့ခဲ့ရသော ကျွန်တော့်ဘဝ အထွေထွေ” စာအုပ်ကို ယခုအခါ ပြန်လည်ရိုက်နှိပ်နေပြီး မကြာမီ ဈေးကွက်အတွင်းသို့ ရောက်ရှိမည်ဟုလည်း သိရှိရသည်။

The Voice Weekly

No comments:

Post a Comment