Monday, March 9, 2015

ပွိုင့်-၁၇၅၃ တောင်ကုန်းနှင့် အနီး ပတ်ဝန်းကျင်ရှိ တောင်ကုန်းများအား တပ်မတော် စစ်ကြောင်းများက ဆက်လက် တိုက်ခိုက် ချေမှုန်း




ကိုးကန့် သောင်းကျန်းသူများသည် လောက်ကိုင်- ချင်းရွှေဟော် ကားလမ်း အား ဒေသခံ ပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနိုင်ခြင်း မရှိစေရန်အတွက် မကြာ ခဏ နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိရာ တပ်မတော် စစ်ကြောင်းများက အဆိုပါကားလမ်း အရှေ့ဘက်ခြမ်း လုံထန်ကျေးရွာ အနီးရှိ ကိုးကန့် သောင်းကျန်းသူ အဖွဲ့ ခြေကုပ် ယူထားသော ပွိုင့်-၁၇၅၃ တောင်ကုန်းနှင့် အနီး ပတ်ဝန်းကျင် ရှိ တောင်ကုန်း များကို မတ် ၇ ရက်မွန်းလွဲပိုင်းမှ စတင်၍ လေကြောင်းပစ်ကူများ ၊
အမြောက် ပစ်ကူများ ရယူ ၍ တိုက်ခိုက် ချေမှုန်းလျက်ရှိသည်။
တပ်မတော် စစ်ကြောင်းများက ပစ်ကူများရယူ၍ ရဲဝံ့စွန့်စားစွာ အဆင့်ဆင့် ခြေကုပ်ယူ ချီတက် ရှင်းလင်း တိုက်ခိုက်မှုကြောင့် မတ် ၇ ရက် ညနေပိုင်းတွင် စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်း အချို့ကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး ယနေ့တွင် လေကြောင်း ပစ်ကူ ၇ ကြိမ်နှင့် အမြောက်ပစ်ကူများရယူ၍ ကိုးကန့် သောင်းကျန်းသူ များနှင့် တိုက်ပွဲ များ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။
ဖော်ပြပါ သိမ်းပိုက် ထိန်းချုပ် နိုင်ခဲ့သော တောင်ကုန်းများအား တပ်မတော် စစ်ကြောင်းများက ရှင်းလင်းရာ ကိုးကန့် သောင်းကျန်းသူ ယူနီဖောင်းဝတ် အလောင်း ၁ လောင်း ၊ အမ်(၂၂) ၁ လက် ၊ ကျည်အိမ် ၁ ခု ၊ ကျည် ၈ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်မှ စစ်သည် ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် တပ်မတော် စစ်ကြောင်းများက သတင်း ဖော်ထုတ်၍ ကိုးကန့် သောင်းကျန်းသူ အဖွဲ့များနှင့် ဆက်စပ်မှုရှိသည့် မသင်္ကာဖွယ် နေရာများအား ဆက်လက် ရှင်းလင်းရာ အမ်(၂၂) ပြောင်းရှည် ၁ လက်၊ အမ်(၂၂) ပြောင်းတို ၁ လက်၊ ၁ လုံးထိုး သေနတ် ၁ လက်၊ အမ်(၂၂)ကျည်အိမ် ၂ ခု၊ ကျည်မျိုးစုံ ၅၀၉ တောင့်၊ ကျည်ကာဦးထုပ် ၃ လုံး၊ တပ်မတော်သုံး အရာရှိကြီးစောင်း ဦးထုပ် ၁ လုံး၊ တပ်မတော် အရာရှိ သုံး တောဆောင်း ဦးထုပ် ၁ လုံး၊ တပ်မတော်သုံး ကြယ် ယာဉ်နံပါတ်ပြား ၂ ခု တို့အား သိမ်းဆည်း ရမိခဲ့သည်။
တပ်မတော် အနေဖြင့် လောက်ကိုင် ဒေသအတွင်း ဆက်သွယ်ရေး လမ်းကြောင်းများ အား ဒေသခံပြည်သူများ လုံခြုံစိတ်ချစွာ သွားလာ နိုင်စေရေး အတွက် အဆိုပါ လမ်းကြောင်း များကို နှောင့်ယှက် တိုက်ခိုက်နေသော ကိုးကန့် သောင်းကျန်းသူများအား ဆက်လက် တိုက်ခိုက် ချေမှုန်းလျက် ရှိကြောင်း သတင်းရရှိသည်။
MOI

No comments:

Post a Comment