Sunday, March 8, 2015

အိုင်အက်စ်ပြဿနာကို ကိုင်တွယ်ဖြေရှင်းခြင်း

 
ယနေ့ အရှေ့အလယ်ပိုင်းတွင် လွှမ်းမိုးနေသော ပြဿနာအရှုပ်အထွေးများ ဖြစ်ပေါ်မှုအကြောင်းရင်းများကို တစ်ချိန်ချိန်တွင် သမိုင်းပညာရှင်များ ငြင်းခုံဆွေးနွေးရင်း အလုပ်ရှုပ်နေကြပါလိမ့်မည်။ ယင်းတွင် ဒေသတွင်း လူ့အဖွဲ့အစည်းများနှင့် နိုင်ငံရေးစနစ်များ၏ နက်ရှိုင်းသော အပြစ်အနာအဆာရလဒ်များ မည်မျှအထိ ပါဝင်သနည်း (သို့တည်းမဟုတ်) ဒေသတွင်း ပြင်ပနိုင်ငံများ ပါဝင်လုပ်ဆောင်မှု (သို့မဟုတ်) ပါဝင်မလုပ်ဆောင်မှု မည်သည့်အတိုင်းအတာအထိ ပါဝင်ခဲ့သည်ဆိုသည်ကို ၎င်းတို့က မေးခွန်းထုတ်ကြပါလိမ့်မည်။
သို့သော်လည်း ဒေသတွင်း၏ အရှိတရားနှင့် လက်ရှိမငြိမ်သက်မှုများ၏ နောက်ဆက်တွဲပြဿနာများကို
ကိုင်တွယ်ဖြေရှင်းရမည့်သူများမှာ ကျွန်ုပ်တို့ပင်ဖြစ်ပါသည်။ အရှေ့အလယ်ပိုင်းတွင် လက်ရှိအနေအထားသို့ မည်သို့ရောက်ရှိလာခဲ့သည်ဖြစ်စေ ကျွန်ုပ်တို့ရောက်ရှိနေသောနေရာမှာ ဆိုးဆိုးရွားရွားအနေအထားဖြစ်သည်။
လူသားများဖြစ်စေ၊ စီးပွားရေးမဟာဗျူဟာအရဖြစ်စေ ပေးဆပ်ရမည့် အရင်းအနှီးများအလွန်ကြီးမားပါသည်။ လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပြီး သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်သွားရသည်။ ရေနံဈေးနှုန်းများ ကျဆင်းနေသည်။ သို့သော် အကယ်၍ ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် စစ်သွေးကြွတိုက်ခိုက်မှု (သို့မဟုတ်) မငြိမ်သက်မှု ဖြစ်လာလျှင် ထိုအတိုင်း ဆက်နေမည်မဟုတ်ပေ။
အရှေ့အလယ်ပိုင်းဒေသအတွက် အကြမ်းဖက်ခြိမ်းခြောက်မှုမှာ ကြီးမားပြီး ဆက်လက်ပြီးလည်း ကြီးထွားနေပါသည်။ အခြားနေရာမှ လူများကိုလည်း နှိပ်စက်နေသည်။ အစွန်းရောက်များ နိုင်ငံသို့  ပြန်လာခြင်းနှင့်အတူ ယင်းဒေသသို့ မသွားသူများကလည်း မကောင်းဆိုးဝါးလုပ်ရပ်များကို အားကျနေကြသည်။ တကယ်တမ်းလည်း အရှေ့အလယ်ပိုင်းဒေသမှာ တည်ငြိမ်မှုပြဿနာအများအပြား ကြုံတွေ့ခဲ့သော်ငြားလည်း မည်သည့်ပြဿနာကမျှ အိုင်အက်စ်အဖွဲ့လောက် ကြီးကျယ်၊ အန္တရာယ်များပြီး အလျင်စလိုမနိုင်လှပေ။
အိုင်အက်စ်အဖွဲ့အား နိုင်ငံတော်ဟု ခေါ်ဆိုခြင်းကို ကန့်ကွက်သူများတွင် ပြောစရာအချက်ရှိပါသည်။ အိုင်အက်စ်မှာ စုပေါင်းစပ်ပေါင်းအဖွဲ့ဖြစ်သည်။ လှုပ်ရှားမှုတစ်စိတ်တစ်ပိုင်း၊ ကွန်ရက်တစ်စိတ်တစ်ပိုင်း၊ အဖွဲ့အစည်း တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ပထ၀ီဝင်ဒေသနှင့်လည်း သတ်မှတ်၍မရပေ။ သို့ပေသော်ငြား နယ်မြေများကို ထိန်းချုပ်ထားပြီး တိုက်ခိုက်ရေးသမား ၂၀,၀၀၀ ခန့်ရှိသည်။ ဘာသာရေးအယူအဆနှင့် မောင်းနှင်သည့် လုပ်ငန်းစဉ်တစ်ရပ်ရှိသည်။
မည်သည့်မဟာဗျူဟာမဆို လက်တွေ့နှင့် ကိုက်ညီရမည်ဖြစ်ကာ ယင်းအဖွဲ့အား အမြစ်ပြတ်ချေမှုန်းရေးမှာ လှမ်းမျှော်ကြည့်နိုင်သော အနာဂတ်တွင် မအောင်မြင်နိုင်သော်လည်း အားနည်းသွားအောင် လုပ်နိုင်သည်။
ယင်းအဖွဲ့ကိုနှိမ်နင်းရေး မဟာဗျူဟာမှာ ကျယ်ပြန့်ရပါမည်။ ပထမဦးဆုံးအနေဖြင့် ယင်းအဖွဲ့အတွက် ငွေကြေးစီးဆင်းမှုကို လျှော့ချရမည်ဖြစ်သည်။ ရေနံဈေးနှုန်း ကျဆင်းနေခြင်းက အကူအညီရသော်လည်း ၎င်းတို့အတွက် ဓားပြတိုက်စရာ ဘဏ်အများအပြားရှိနေသည်။ ခြိမ်းခြောက်ငွေညှစ်ခြင်းများ ဆက်လက်ဖြစ်ပေါ်နေပြီး လူတစ်ဦးချင်းစီ၏ ဘဏ္ဍာရေးထောက်ပံ့မှုများလည်း ရှိနေသည်။ ယင်းကဲ့သို့ ငွေကြေးစီးဆင်းမှုများကို အစိုးရများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများက ရပ်တန့်ပစ်ရမည်ဖြစ်သည်။
အိုင်အက်စ်အဖွဲ့အတွက် လူသစ်များ စီးဆင်းမှုကို ထိန်းချုပ်ရေးမှာ ပို၍ပင်လိုအပ်သည်။ အီရတ်နှင့် ဆီးရီးယားသို့ လူတစ်ဦးချင်း သွားရောက်နေမှု ခက်ခဲစေရန် နိုင်ငံများက လုပ်ဆောင်နိုင်သည်။ ဥပမာအားဖြင့် ဥရောပတိုက်လုံးဆိုင်ရာ စောင့်ကြည့်စာရင်းမျိုးမှာ အထောက်အကူဖြစ်နိုင်သည်။ သို့သော် တူရကီက ၎င်းတို့နိုင်ငံအား ဖြတ်လမ်းအဖြစ် ခွင့်မပြုခြင်းနှင့် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး နိုင်ငံတကာက ပိုမိုပူးပေါင်းဆောင်ရွက်ရေး တိုက်တွန်းထားသော ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရေး လုပ်ဆောင်ခြင်းလောက် မည်သည့်အရာကမျှ ပိုမိုသက်ရောက်မှုမကြီးမားနိုင်ပေ။
မည်သည့်မဟာဗျူဟာတွင်ဖြစ်စေ ပါဝင်သင့်သော အစိတ်အပိုင်းတစ်ရပ်မှာ အိုင်အက်စ်အဖွဲ့၏ ဆွဲဆောင်မှုနှင့် ၀ါဒဖြန့်ခြင်းကို တန်ပြန်ရေးဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ အုပ်ချုပ်မှုအောက်တွင် နေထိုင်ရသူများ၏ ဆင်းရဲဒုက္ခများကို လူထုသိအောင် လုပ်ဆောင်ရေးဖြစ်သည်။ ထို့အပြင် အစ္စလာမ်ဘာသာ၏ ရပ်တည်ချက်မှကြည့်လျှင် အိုင်အက်စ်အဖွဲ့လုပ်ရပ်များမှာ အကျုံးမ၀င်ဟု မွတ်စလင်ဘာသာရေးခေါင်းဆောင်များ၊ ပညာရှင်များက တင်ပြရေး ဆွဲဆောင်စည်းရုံးမှု လုပ်ရမည်ဆိုသော အဓိပ္ပာယ်လည်းဖြစ်သည်။
မည်သည့်မဟာဗျူဟာတွင်မဆို အီရတ်နှင့် ဆီးရီးယားတွင် အိုင်အက်စ်အဖွဲ့ကို တိုက်ရိုက်စိန်ခေါ်ရေးလည်း ပါဝင်ရမည်ဖြစ်သည်။ အီရတ်နိုင်ငံတွင် အိုင်အက်စ်အဖွဲ့၏အရှိန်ကို ရပ်တန့်လိုက်နိုင်သည့် အထောက်အထားအချို့ရှိခဲ့သည်။ သို့သော် အီရန်နိုင်ငံ၏ ကြီးထွားလာသော အခန်းကဏ္ဍနှင့် ၎င်းထောက်ခံသော လက်နက်ကိုင်အဖွဲ့များ ရှိနေခြင်းကြောင့် အီရန်ဆွန်နီမွတ်စလင်များက အိုင်အက်စ်အဖွဲ့အပေါ် ကရုဏာသက်ခြင်း (သို့မဟုတ်) ထောက်ခံမှုပေးသည်အထိ အာမခံပြီးသားဖြစ်သွားသည်။ ယင်းအတွက်ကြောင့်ပင် ဒေသပြင်ပနိုင်ငံများအနေဖြင့် ကာ့ဒ်တပ်ဖွဲ့များနှင့် ဆွန်နီမျိုးနွယ်စုများကို စစ်ရေးနှင့် နိုင်ငံရေးအထောက်အပံ့ပေးရေး ပိုမိုအလေးပေးသင့်သည်။
ပြည်တွင်းစစ်ဖြစ်ပွားနေပြီး သြဇာညောင်းရေး ပြင်ပနိုင်ငံများ၏ ယှဉ်ပြိုင်မှုရှိနေသော ဆီးရီးယားနိုင်ငံအရေးမှာမူ ပိုမိုခက်ခဲပါသည်။ အိုင်အက်စ်တပ်ဖွဲ့များအား လေကြောင်းမှ တိုက်ခိုက်မှုမှာ လိုအပ်သော်လည်း လုံလောက်မှုမရှိပေ။ အိုင်အက်စ်အဖွဲ့မှာ နယ်မြေဒေသအခြေခံအဖွဲ့အစည်းဖြစ်နေ၍ ၎င်းတို့အား နှိမ်နင်းရေး ထိရောက်မှုရှိစေရန် မြေပြင်စစ်ပွဲပုံစံတစ်ရပ် ပါရှိရပါမည်။ တကယ်တမ်းလည်း မြေပြင်တပ်ဖွဲ့များကသာ နယ်မြေများ သိမ်းပိုက်ထိန်းချုပ်ထားနိုင်မည်ဖြစ်သည်။
အကောင်းဆုံးနည်းလမ်းမှာ အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် ဂျော်ဒန်နိုင်ငံမှ တပ်ဖွဲ့များပါဝင်သော နိုင်ငံတကာတပ်ဖွဲ့တစ်ရပ် ဖွဲ့စည်းရေးဖြစ်ပါသည်။ အမေရိကန်နှင့် အခြားနေတိုးနိုင်ငံများက အကူအညီပေးနိုင်ပါသည်။ သို့သော် တိုက်ခိုက်မှုအများစုကို အခြားဆွန်နီများက လုပ်ဆောင်ရပါမည်။ ယင်းဒေသတွင် ဖြစ်ပျက်နေသည်မှာ ယဉ်ကျေးမှုတစ်ခုတည်းအတွင်းမှ တိုးတိုက်မှုဖြစ်သည်။ ယင်းကို ယဉ်ကျေးမှုများကြားမှ ပဋိပက္ခအဖြစ် အိုင်အက်စ်အဖွဲ့အား ပုံဖော်ခွင့်ပြုခြင်း၊ တစ်ပါတည်း ၎င်းတို့မှာ အစ္စလာမ်ဘာသာကို အမှန်တကယ် ကာကွယ်သူများဟု ပုံဖော်ခွင့်ပေးခဲ့လျှင် ကြီးမားသော မဟာဗျူဟာအမှား ဖြစ်ပါလိမ့်မည်။
အလယ်အလတ် ဆီးရီးယားအတိုက်အခံတပ်ဖွဲ့များနှင့် ဒေသခံကာ့ဒ်တပ်ဖွဲ့များမှာ နိုင်ငံပေါင်းစုံ ဆွန်နီတပ်ဖွဲ့၏ အစိတ်အပိုင်း ဖြစ်ရပါမည်။ ၎င်းတို့အတွက် ယင်းကိုအစားထိုးနိုင်သော အနေအထားမရှိပေ။ အကယ်၍များ ယင်းကဲ့သို့ တပ်ဖွဲ့မျိုး မဖွဲ့စည်းနိုင်ခဲ့ပါက လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်ရပါမည်။ ယင်းအတွက် အိုင်အက်စ်အဖွဲ့ တိုက်ခိုက်မှုများကို နှေးကွေးသွားစေပြီး အခြားမဟာဗျူဟာများ ဖော်ထုတ်ရန် အချိန်ယူခြင်းဖြစ်ပါသည်။ ထိုကဲ့သို့သော အနေအထားမျိုးတွင် အိုင်အက်စ်အဖွဲ့မှာ ဖြေရှင်းရမည့် ပြဿနာတစ်ရပ်ဆိုခြင်းထက် စီမံခန့်ခွဲရမည့် အခြေအနေတစ်ရပ်အနေဖြင့် ဆက်ရှိနေမည်ဖြစ်သည်။
ယခုလောလောဆယ်တွင် သံတမန်ရေးမှာ ကြီးမားသော အခန်းကဏ္ဍမှ မပါဝင်နိုင်သေးပေ။ အိုင်အက်စ်အဖွဲ့နှင့် ဆီးရီးယားအစိုးရတို့၏ အင်အားနှင့် ဆီးရီးယားနိုင်ငံတွင် အကျိုးစီးပွားရှိနေသော ပြင်ပနိုင်ငံများကြား သဘောမတူညီမှုများကို ထောက်ရှုပါက မည်သည့်ဖြေရှင်းချက်ကိုမျှ အတင်းအကျပ် ချမှတ်၍မရပေ။ သံတမန်ရေးက လုပ်နိုင်သည်မှာ အလက်ပိုမြို့တွင် ကုလသမဂ္ဂက အကောင်အထည်ဖော်ရန် ကြိုးစားနေသလို ဆီးရီးယားအစိုးရနှင့် ၎င်း၏ ပြည်သူများကြား တိုက်ခိုက်မှုများ အဆုံးသတ်ရေး မဟုတ်လျှင်သော်မှ လျှော့ချရေးဖြစ်နိုင်ပါသည်။
၂၀၁၅ ခုနှစ်အတွင်း အကြီးမားဆုံးအန္တရာယ်မှာ အဆိုပါဒေသဆိုင်ရာပဋိပက္ခ ဆော်ဒီအာရေးဗီးယားနှင့် ဂျော်ဒန်နိုင်ငံတို့သို့ ပျံ့နှံ့သွားခြင်းဖြစ်နိုင်ပါသည်။
ယင်းနှစ်နိုင်ငံလုံးအတွက် ထောက်လှမ်းရေးနှင့် စစ်ရေးထောက်ပံ့ပေးမှု မရှိမဖြစ်လိုအပ်ပါလိမ့်မည်။ ဂျော်ဒန်နိုင်ငံ၏ ကြီးမားသော ဒုက္ခသည်ဝန်ထုပ်ဝန်ပိုးကို ကူညီထမ်းပိုးရေးလည်း လုပ်ဆောင်ရပါမည်။ အရှေ့အလယ်ပိုင်းတွင် ယခင်က မဖြစ်ပေါ်ဖူးသော မငြိမ်သက်မှုရှိနေစဉ်မှာပင် ယင်းဒေသမှ အခြေခံစည်းမျဉ်းတစ်ခု ထင်ရှားနေသည်။
ယင်းမှာ အခြေအနေမည်မျှဆိုးနေသည်ဖြစ်စေ ထို့ထက်ပို၍ ဆိုးရွားသွားနိုင်သည်ဆိုသော အချက်ဖြစ်သည်။
—Ref: Managing the ISIS Crisis

No comments:

Post a Comment