Monday, March 9, 2015

Raigor Stonehoof The Earthshaker

 
   Monday, 9 March 2015
၁၁ဝ  လောက်ရှိတဲ့ Hero အရေအတွက် များစွာထဲကမှ ကစားပွဲတစ်ပွဲမှာ Hero ၁ဝ ကောင်သာ ပါဝင်ကစားရလေ့ရှိခြင်းက Dota ရဲ့ အခြေခံ သဘောတရားတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ကစားပွဲဝင် ဝင်ရောက်ကစားနေကြတဲ့ ကစားသမားတွေရဲ့ အဆင့်ပေါ်မူတည်ပြီး Pick Ban များဟာလည်း ကွဲပြားသွားတတ်ပါတယ်။ ဥပမာလက်ရှိ Meta အရ Io, Batrider, Chen တို့ဟာ Premium အဆင့်ကစားပွဲတွေမှာ Ban ခံရလေ့ရှိပေမယ့် Amateur အဆင့်မှာ Pick, Ban မှာ  မြင်တွေ့ရလေ့မရှိသလို Omniknight, Spectre,  Drow Ranger တို့ဟာလည်း Professional ပွဲများထက် သာမန်ကစားပွဲတွေမှာ ပိုမိုမြင်တွေ့ရလေ့ ရှိပါတယ်။ ဒီလိုမတူညီတဲ့ အခြေအနေမျိုးမှာ v6.00 version ကနေ  v6.83c လက်ရှိအထိ Premium, Professional, Amateur နဲ့  ပုံမှန်ကစားပွဲတွေမှာ ပုံမှန် မြင်တွေ့ရလေ့ရှိတဲ့ Hero တစ်ကောင်ကတော့ Raigor  Stonehoof The  Earthshaker ပဲ  ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ Stun, AoE Abilities တွေကြောင့် ကစားသမားအများစု ရွေးချယ်လေ့ရှိတဲ့ Strength Hero Earthshaker ဟာ နာမည်ကြီး Initiator တစ်ကောင်ဖြစ်ပြီး Dota 2 သက်တမ်းတစ်လျှောက် ၁၆ ကောင်မြောက် ရေပန်းအစားဆုံး Hero တစ်ကောင်လည်း ဖြစ်ပါတယ်။
Background Story
တစ်ချိန်တစ်ခါက ကမ္ဘာမြေကြီးနဲ့ တစ်သားတည်းဖြစ်တည်ခဲ့သော Earthshaker ဟာ ယခုအချိန်မှာတော့ Golem, Gargoyle တွေကဲ့သို့ ကမ္ဘာကြီးပေါ်တွင် လွတ်လပ်စွာ လျှောက်လှမ်းနေသော
သူ တစ်ယောက်ဖြစ်နေပါပြီ။ အခြားအရာတွေနဲ့မတူတဲ့ အချက်ကတော့ ကိုးကွယ်စရာ ဆရာမထားသလို စိတ်ရှိတဲ့အတိုင်း နေထိုင်နိုင်အောင် သူ့ဘာသာ ဖန်တီးထားခြင်းပဲ ဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာ ဆက်တိုက် အိပ်မောကျနေရာမှ သူ့အပေါ်မှာ ဖြတ်သန်းရွေ့လျားနေတဲ့ စွမ်းအားတွေကို ခံစားမိတာကြောင့် ကမ္ဘာမြေသားထဲက ကျောက်တုံးကြီး တစ်တုံးရဲ့ အက်ကွဲကြောင်းထဲကနေ Earthshaker ဟာ စပ်စုလို စိတ်တွေနဲ့ နိုး ထလာခဲ့ပါတယ်။ မြေငလျင်ကြီး လှုပ်ခတ်တဲ့ ရာသီမှာတော့ Nishai တောင်ထိပ်ဟာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ရင်း တစ်စစီပြိုကွဲကာ မြစ်များကို ရေစီးပြောင်းလဲသွားစေခဲ့သလို ယခင် လျှိုမြောင်ကလေးတွေ ကိုလည်း အဆုံးမရှိတဲ့ ပက်ကြားအက်ကြီးများအဖြစ် ပြောင်းလဲသွားစေပါတော့တယ်။ ငလျင်ကြီး ရပ်တန့်သွားတဲ့အချိန် အရောက်မှာတော့ Earthshaker ဟာ မြေပေါ်မှာ စုပုံနေတဲ့ ဖုန်မှုန့်တွေပေါ်မှာ လမ်းလျှောက်ကြည့်ရင်း ဧရာမကျောက်တုံးကြီးများကိုလည်း ပဝါကလေးတစ်ထည်သဖွယ်  ဘေးသို့ လွှင့်ပစ်နေခဲ့ပါတယ်။ သူဟာ သူ့ရဲ့ပုံပန်းသဏ္ဌာန်ကို သက်ရှိသတ္တဝါကြီး တစ်ကောင်သဖွယ် ဖန်ဆင်းခဲ့ပြီး သူ့ကိုယ်သူ Raigor Stonehoof ဆိုတဲ့ အမည်နာမကို မှည့်ထွင် သတ်မှတ်လိုက်ပါတယ်။ ယခုတော့ သူဟာ အသက်လည်း ရှူ နေခဲ့သလို သွေးလည်း ထွက်နိုင်သွားပါပြီ။ အလားတူ စွာပဲ သေလည်း သေဆုံးနိုင်တဲ့ သက်ရှိတစ်ယောက် ဖြစ်သွားခဲ့ပါပြီ။ သို့ပေမယ့် သူ့ရဲ့ စိတ်ဝိညာဉ်ကတော့ ကမ္ဘာမြေကြီးနဲ့ ထပ်တူထပ်မျှ ရှိနေဆဲဖြစ်ပြီး အဆိုပါ စွမ်းအားတွေကို သူနဲ့ ဘယ်တော့မှ မကွာ စတမ်းဆောင်ထားမယ့် ယစ်တိုင်ကြီး အတွင်း ထည့်သွင်းထားပြီး သွားလေရာကို ယူဆောင်ခဲ့ပါတော့တယ်။ ဖုန်မှုန့်အဖြစ်သို့  ပြန်လည်ရောက်ရှိသွားမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်ကို ရောက်ခဲ့မယ်ဆိုရင်တော့ ကမ္ဘာမြေကြီးဟာ သူ့ကိုခြေသလုံး အိမ်တိုင်ဖြစ်နေတဲ့ သားငယ်ကလေးကို ပြန်လည် လက်ခံသကဲ့သို့ ကြိုဆိုပါလိမ့်မယ်။
Abilities
Cast Range 1400 ရှိပြီး အဆိုပါ အကွာအဝေးတစ်လျှောက် တံတိုင်းတစ်ခုဖြစ်ပေါ်စေမယ့် Fissure ဟာ Long Range Disable Ability တစ်ခုဖြစ်ပြီး တစ်ဖက်အသင်းမှာ Channeling Ability User များ (Witch Doctor, Enigma, Rylai,...) နဲ့ illusion User တွေကို တိုက်ခိုက်ရာမှာ အသုံးပြုလေ့ရှိပါတယ်။ များများယူခဲ့မယ်ဆိုရင် Damage များလာပြီး Stun Duration ကတော့ 1.75 seconds သာ ကြာမြင့်မှာဖြစ်ပေမယ့် မပြောင်းလဲတဲ့ 8 seconds အထိကြာမြင့်သော လမ်းပိတ်ပေးမယ့်တံတိုင်းဟာ Unit တွေကို ဖြတ်သန်းသွားမရအောင် တားဆီးပေးမှာ ဖြစ်ပါတယ်။ Magic Immune ဖြစ်နေသည့်တိုင်အောင် Fissure ကို ကျော်ခွမသွားနိုင်ပေမယ့် Spin Web, Spectral Dagger, Firefly အစရှိတဲ့ Flying, Hero Phase တွေကတော့ အဆိုပါ တံတိုင်းကို ကျော်ဖြတ်သွားနိုင်ပါလိမ့်မယ်။ သင့်ရဲ့ Fissure လမ်းကြောင်းကို တိကျစွာ မြင်တွေ့ရစေဖို့ Console ထဲမှာ dota_disable_range_finder 0 လို့ ရေးထည့်လိုက်မယ်ဆိုရင်  အသုံးမပြုခင်ကတည်းက သင့်ရဲ့ Fissure မည်သို့ပေါ်မည်ကို တွေ့ရပြီး ကြိုတင်ခန့်မှန်း သုံးသပ်နိုင်ပါလိမ့်မယ်။
Enchant Totem ကတော့ Earthshaker ရဲ့ နောက်လာမယ့် Physical တိုက်ခိုက်မှု တစ်ချက်မှာ Base Damage ရဲ့ ၁ ဆ၊ ၂ ဆ၊ ၃ ဆ၊ ၄ ဆ နှုန်း တိုးသွားစေမှာ ဖြစ်ပါတယ်။ v6.83 ကနေစပြီး Mana Cost ဟာလည်း 20/30/40/50 ဆိုပြီး ပြောင်းသွားတဲ့အတွက် အစောပိုင်း Mana Pool နည်းပါးချိန်မှာ တစ်ဆင့်ခန့် တင်ထားရုံဖြင့် Aftershock နဲ့ တွဲဖက် အသုံးပြုနိုင်ပြီပဲ ဖြစ်ပါတယ်။ Cooldown 5 seconds သာ ရှိပေမယ့် 14 Seconds Duration ရှိတဲ့အတွက် မိမိဦးတည်ထားတဲ့ Hero ကို Earthshaker ရဲ့ Damage ၈ ဆ ဖြင့် တိုက်ခိုက်နိုင်မှာပါ။
Ability တစ်ခု အသုံးပြုလိုက်တိုင်း Aftershock ဟာ Earthshaker ရဲ့ 300 AoE အတွင်းမှာ Damage နဲ့ Stun ကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ Aftershock အတွက် Mana ကုန်ကျစရိတ်မရှိဘဲ Fissure, Enchant Totem နဲ့ Echo Slam အသုံးပြုတိုင်း နောက်ဆုံးအဆင့် 125 Magical Damage နဲ့ 1.5 seconds Stun ကို ဖြစ်ပေါ်စေမှာဖြစ်လို့ ဒုတိယဦးစားပေးတင်သင့်တဲ့ Ability တစ်ခုဖြစ်ပါတယ်။ အကြောင်းက Enchant Totem နဲ့ Echo Slam တို့ဟာ Stun မပါဝင်တဲ့အတွက် Aftershock ယူထားမှသာ AoE Stun ကို ရရှိစေပါလိမ့်မယ်။
Lane Creep, Hero, illusion Unit တိုင်းကို ရေတွက်ပြီး များရင်များသလောက် AoE Magical Damage အဖြစ် တိုက်ခိုက်ပေးမယ့် Ultimate Echo Totem ဟာ 575 AoE ရှိပါတယ်။ အဆိုပါ AoE အတွင်းမှာ 160/ 210/ 270 Magical Damage စတင်ဖြစ်ပေါ်မှာဖြစ်ပြီး အဆိုပါ Damage နောက်မှာ Unit အရေအတွက်ပေါ် မူတည်ပြီး Damage လှိုင်းတစ်ခုက ထပ်မံဖြစ်ပေါ် တိုက်ခိုက်မှာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်မှာ 1 Unit တိုင်းအတွက် 70 Damage သက်ရောက်မှာဖြစ်ပြီး အဆိုပါ ဒုတိယလှိုင်းဟာ 550 Speed နှုန်းနဲ့ အသက်ရောက်ခံ Unit များဆီကို လိုက်သွားမှာဖြစ်ပါတယ်။ ဥပမာ အနေနဲ့ Echo Slam အသုံးပြုမယ့် 575 AoE အတွင်းမှာ 3 Heroes, 4 illusions, 8 Creeps, 2 Summon Units  ရှိခဲ့မယ်ဆိုရင် စုစုပေါင်း 17 Units အတွက် 17*70 = 1190 Magical Damage အဖြစ် ဒုတိယလှိုင်းက သက်ရောက်စေမှာ ဖြစ်ပါတယ်။ တကယ်လို့ Aghanim’s Scepter သာ စပ်ထားခဲ့မယ်ဆိုရင် Hero နဲ့ illusion Unit တွေတိုင်းကို Echo Damage ၂ ဆ အဖြစ် တွက်ချက်မှာ ဖြစ်ပါတယ်။ အပေါ်က အခြေအနေမျိုးမှာ Aghanim’s Scepter စပ်
ထားခဲ့မယ်ဆိုရင် 3 Heroes, 4 illusions ကို 6 Heroes, 8 illusions အဖြစ် တွက်ချက်မှာဖြစ်လို့  စုစုပေါင်း 24 Units (24*70=1680 Damage) ဖြစ်သွားစေမှာပါ။ ဒါကြောင့် ဥပမာအရ စုစုပေါင်း အနေနဲ့ Earthshaker ရဲ့ 300 AoE အတွင်းမှာ 125 Damage (Aftershock) + 270 (Initial Damage)+1680(Echo Damage) = စုစုပေါင်း 2075 Magical Damage ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။
ယခင်ကတည်းက Earthshaker ကို တစ်ခါတစ်ရံ Carry Role အဖြစ် ဆော့ကစားကြပြီး သူ့ရဲ့ Enchant Totem ကနေ ရရှိလာမယ့် များပြားလှတဲ့ Damage ပမာဏကို ပိုမိုတိုးပွားစေဖို့ Critical Item တွေနဲ့   တွဲဖက်ပွဲထုတ်လေ့ရှိပါတယ်။ ဒီလိုရရှိလာမယ့် Damage ပမာဏကို Battle Fury, Empowered အစရှိတဲ့ Cleave တွေနဲ့လည်း တွဲဖက် သက်ရောက်နိုင်တဲ့အတွက် ကစားပွဲအခြေအနေကို လိုက်ပြီး ထည့်သွင်း စဉ်းစားနိုင်ပါတယ်။ w33 ကဲ့သို့သော Professional ကစားသမားအနေနဲ့ သူ့ရဲ့အသင်းသားတွေရဲ့ အခြေအနေကို သိတဲ့အတွက် Mid Lane Carry အနေနဲ့ ကစားတာ တင့်တယ်ပေမယ့် မိမိတစ်ယောက်တည်း Solo ဆော့တဲ့ အခြေအနေမျိုးမှာတော့ Carry ဆော့ပုံကို မေ့ထားသင့်ပါတယ်။ ကစားသမား အများစုဟာ Earthshaker ကို Disable ပါတဲ့ Support တစ်ကောင် ကဲ့သို့သာ ဆော့ကစားစေလိုတဲ့ ယေဘုယျ လိုအပ် ချက်ကြောင့် မိမိရဲ့ Initiator Role အတိုင်း Arcane Boots, Soul Ring, Dagger, Aghanim’s Scepter ပုံစံသာ အခြေခံ အကျဆုံးဖြစ်ရုံမက လက်တွေ့မှာလည်း အသုံးဝင်တဲ့ ကစားပုံအဖြစ် ရပ်တည်လျက်ရှိပါတယ်။ Magical Damage Ability တွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် Veil of Discord, Shiva Guard, Refresher Orb ကဲ့သို့ Item တွေဟာလည်း ပွဲနောက်ပိုင်း Earthshaker အနေဖြင့် ထည့်သွင်းစဉ်းစားသင့်တဲ့ Item တွေ ဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ မိမိ နှစ်သက်သော ကစားကွက်သာလျှင် မိမိအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
yahooyeeha ( www.myanmardota2.com )

No comments:

Post a Comment