Wednesday, March 25, 2015

လီကွမ်ယု၏ ရုပ်အလောင်းကို စင်ကာပူ နိုင်ငံသားများ စီတန်း ဂါရဝပြုနှုတ်ဆက်

 

 Wednesday, March 25, 2015

စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယု၏ ရုပ်အလောင်းကို ပါလီမန် အဆောက်အအုံတွင် ပြသထားရာ စင်ကာပူ နိုင်ငံသား ထောင်ပေါင်းများစွာက လာရောက်စီတန်း ဂါရဝပြု နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
မတ်လ ၂၃ ရက်က အသက်(၉၁)နှစ် အရွယ်တွင် ကွယ်လွန်သွားသည့် လီသည် ခေတ်သစ် စင်ကာပူနိုင်ငံကို ကမ္ဘာ့ထိပ်တန်း စီးပွားရေး အင်အားစု တစ်ခုအဖြစ် တည်ဆောက်ပြခဲ့သည့် နိုင်ငံတော်
ဗိသုကာကြီးအဖြစ် အသိအမှတ်ပြု ခံထားရသူ ဖြစ်သည်။
၎င်းသည် ဖေဖော်ဝါရီလအတွင်း အဆုတ်ရောင် ဝေဒနာဖြင့် ဆေးရုံတက်ခဲ့ရပြီး အခြေအနေ တစ်စထက်တစ်စ ဆိုးရွားလာကာ မတ်လ၂၃ ရက်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ လီသည် စင်ကာပူတွင် ဝန်ကြီးချုပ်အဖြစ် (၃၁)နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သလို အနားယူသွားချိန်တွင်လည်း အစိုးရအပေါ် အဓိက ဦးဆောင် အကြံပေးသူ တစ်ဦးအဖြစ် ဆက်ရှိနေခဲ့သည်။
လီ၏ ကြွင်းကျန် ရုပ်ကလပ်ကို အမြောက်တင် တွဲဆိုင်းတစ်ခုပေါ် တင်ဆောင်လာကာ ပါလီမန် အဆောက်အအုံသို့ ပို့ဆောင်ပြီး မတ်လ ၂၅ ရက်မှ ၂၈ ရက်ထိ ပြည်သူများကို နောက်ဆုံး နှုတ်ဆက် ဂါရဝပြုခွင့် ပေးသွားမည် ဖြစ်သည်။ မတ်လ၂၉ ရက်တွင်မူ လီကို နိုင်ငံတော် အခမ်းအနားဖြင့် သင်္ဂြိုဟ်ရန် စီစဉ်ထားသည်။ လီကွယ်လွန်သည့်နေ့မှ မတ်လ ၂၉ ရက်ထိကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း ရက်သတ္တပတ် သတ်မှတ်ပြီး စင်ကာပူ အစိုးရ ရုံးတိုင်းတွင် အလံကို တိုင်တစ်ဝက် နှိမ့်ချ လွှင့်ထူသွားမည် ဖြစ်သည်။
လီ၏ သားဖြစ်ပြီး လက်ရှိ စင်ကာပူ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် လီရှန်လွန်းက ဖခင်ဖြစ်သူကို လာရောက် ဂါရဝပြုသည့် စင်ကာပူ နိုင်ငံသားများကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ 
လီသည် တစ်ချိန်က ကုန်သွယ်ဆိပ်ကမ်းမြို့လေး တစ်ခုမျှသာ ဖြစ်ခဲ့သည့် စင်ကာပူကို ကမ္ဘာ့ထိပ်တန်း စီးပွားရေး အင်အားစု နိုင်ငံတစ်ခု ဖြစ်အောင် ပျိုးထောင်ပေးခဲ့သဖြင့် ချီးကျူးခံရသလို ၎င်း၏ တင်းကျပ်သော စည်းမျဉ်းများနှင့် အတန်ငယ် အာဏာရှင်ဆန်သော အုပ်ချုပ်ပုံများ အတွက်လည်း ဝေဖန်ခံခဲ့ရသည်။ 
မည်သို့ပင်ဖြစ်စေ လီသည် ကမ္ဘာ့နိုင်ငံခေါင်းဆောင် အများစု လေးစားအားကျရသည့် အထင်ကရ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး အာရှတိုက်၏ အရည်အချင်း အမြင့်မားဆုံး ခေါင်းဆောင် တစ်ဦးအနေဖြင့်လည်း သတ်မှတ်ခံခဲ့ရသည်။
_Ref: BBC

No comments:

Post a Comment