Friday, June 19, 2015

ဖားကန့်ရဲတပ်ရင်း ဗုံးဖြင့်ပစ်ခတ်ခံရ၊ ရဲအရာရှိ ၂ ဦး ဒဏ်ရာရ


ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ ဇွန် ၁၇ ရက်နေ့ညက အစိုးရရဲလုံခြုံရေးတပ်ရင်းတွေ ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲအရာရှိ ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဖားကန့်ရဲစခန်းက ပြောပါတယ်။
ဇွန် ၁၇ ရက်နေ့ ည ၇ နာ၇ီ မိနစ် ၃၀ အချိန် ဆိတ်မူကျေးရွာအုပ်စု နတ်မော်ရွာမှာရှိတဲ့ အစိုးရလုံခြုံရေး ရဲတပ်ရင်း အမှတ် ၃၀ ကို ကေအိုင်အေဘက်က လက်ပစ်ဗုံးနဲ့ လှမ်းပစ်ပြီး ၁၅ မိနစ်လောက်အကြာမှာ
ဖားကန့်မြို့အ၀င် ဥရုချောင်းတံတားထိပ်နားက အမှတ် ၃၁ ရဲတပ်ရင်း ကင်းတဲထဲကိုလည်း လက်ပစ်ဗုံးနဲ့ ပစ်ခံရတဲ့အတွက် ရဲအရာရှိတွေ ဒဏ်ရာရခဲ့တာလို့ ဖားကန့်မြို့မရဲစခန်း တာဝန်ကျ ရဲဝန်ထမ်းက ဒီဗွီဘီကို ပြောပါတယ်။
“နတ်မော်ရွာမှာ လုံခြုံရေးယူနေတဲ့ ရတဖ ၃၀ ရဲတပ်ဖွဲ့ကို ကေအိုင်အေဘက်က အဝေးကနေ ဗုံးနဲ့လှမ်းပစ်တာ ဒုရဲမှူးတဦး ဒဏ်ရာရသွားပါတယ်။ ဗုံးလာတော့ သူက သူ့တပည့်ကို တွန်းလိုက်တာ သူ့ကိုထိသွားတယ်၊ အခုဖားကန့်ဆေးရုံမှာ ကုသနေပါတယ်။ ဒဏ်ရာသိပ်မများဘူးလို့ပြောပါတယ်။ အဲဒါ သိပ်မကြာဘူး နောက်ထပ် ၁၀ မိနစ် ၅ မိနစ်ကြာတော့ ဖားကန့်အ၀င် ရဲကင်းမှာလည်း အပစ်ခံရတယ်၊ အဲဒီမှာ ဒုရဲအုပ်တဦးကို ထိမှန်ပါတယ်။ ဗုံးအစအနေတွေ မှန်တယ်။ အခုသူလည်း ဖားကန့်ဆေးရုံမှာပဲ။”
မနေ့က ဖားကန့်-မိုးကောင်းသွား လမ်းပေါ်မှာရှိတဲ့ ကာမိုင်းဘက်မှာလည်း ပစ်ခတ်မှုတွေရှိခဲ့သလို ဖားကန့်မြို့ အရှေ့မြောက်ဘက် လုံးခင်းကျေးရွာအုပ်စုဘက်မှာလည်း မနေ့ည ၈ နာရီ ၁၁ မိနစ်မှာ တကြိမ်၊ ၈ နာရီ ၅၂ မိနစ်မှာတကြိမ် စုစုပေါင်း ၂ ကြိမ် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး နေရာနဲ့ ဒဏ်ရာရမှုအခြေအနေ အစီရင်ခံချက် တက်မလာသေးဘူးလို့ လုံးခင်းရဲစခန်း တာဝန်ကျရဲ ၀န်ထမ်းက ဒီဗွီဘီကို ပြောပါတယ်။
ဗုံးပေါက်ကွဲရာနေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်စိုးကတော့ ဗုံးပေါက်တဲ့နေရာဟာ လူသူနဲ့ မနီးတဲ့အတွက် လူနဲ့ အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ပြောပါတယ်။
“ပထမပေါက်ကွဲတဲ့ဗုံးက လုံးခင်းမှာရှိတဲ့ စစ်တပ်ရဲ့ ကိုက် ၃၀၀ အကွာ လယ်ပြင်အစပ်မှာ ပေါက်ကွဲတာဖြစ်တယ်။ ဒုတိယတလုံးက လုံးခင်းအုပ်စု ဆိုင်းရာ ရွာသစ်မှာ ဖြစ်ပါတယ်။ လူနေတဲ့နေရာနဲ့ ဝေးတော့ ထိခိုက်ဒဏ်ရာရသူမရှိပါဘူး၊ ဖားကန့်ဘက်မှာတော့ မရှီကထောင် ကျေးရွာ ဘေလီတံတားနား ကင်းစောင့်နေတဲ့ လုံထိန်းရဲတွေလည်း အပစ်ခံရတယ်လို့ ကြားပါတယ်။”
ဇွန် ၁၅ ကနေ ၁၇ အထိ ကောင်းခါး၊ နမ့်ယားရွာဘက်မှာရော ဖားကန့် – မိုးကောင်းသွား လမ်းမဘက်မှာပါ ကေအိုင်အေနဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ဖားကန့်ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
DVB

No comments:

Post a Comment