Wednesday, June 24, 2015

ထိုင်း-မြန်မာ ဘောလုံး ဗိုလ်လုပွဲလက်မှတ် ဈေးတင်ရောင်းချမှု စုံစမ်းစစ်ဆေးမည်


စင်ကာပူနိုင်ငံမှာ ကျင်းပပြီးစီးသွားတဲ့ ၂၀၁၅ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ထိုင်း-မြန်မာ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ လက်မှတ်တွေကို ဈေးနှုန်းတင် ရောင်းချမှုကို စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။
ဂိုးဒင်းမြန်မာ အဖွဲ့က ပုံမှန်ထက် ဈေးနှုန်း ပိုတင်ရောင်းခဲ့တာကို စုံစမ်းတွေ့ရှိခဲ့တယ်လို့ စင်ကာပူ ဆီးဂိမ်းကျင်းပရေးကော်မတီ (SINGSOC)ကို ကိုးကားပြီး စင်ကာပူ အခြေစိုက် ချာနယ် နယူးအေးရှား သတင်းက ရေးပါတယ်။
ကနဦးက အုပ်စုလိုက် ၀ယ်ယူတဲ့အတွက် လက်မှတ်စောင်ရေ ၂၀၅၀ ကို ဒီအဖွဲ့ကို
ဈေးလျော့ရောင်းချခဲ့ပေမယ့် နောက်ပိုင်းမှာ လျော့ရောင်းတာကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ကြိုတင်ဝယ်ယူခ စင်ကာပူ ၁ ဒေါ်လာ မပါဘဲ ပုံမှန် ဈေးနှုန်းအတိုင်း ရောင်းချခဲ့တယ်လို့ SINGSOC က ပြောပါတယ်။
ဒါပေမယ့် ဂိုးဒင်းမြန်မာ အဖွဲ့က စင်ကာပူ ဒေါ်လာ ၂၀ တန် လက်မှတ်တစောင်ကို ၂၅ ဒေါ်လာနဲ့ ရောင်းချခဲ့တာကို သိရှိခဲ့တဲ့အတွက် ဒီကိစ္စကို စုံစမ်းဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မြန်မာဘောလုံးချစ်မြတ်နိုးသူများအဖွဲ့ရဲ့အင်တာနက် လူမှုကွန်ရက် ဖေ့ဘွတ်ခ် စာမျက်နှာမှာ ရေးသားခဲ့တဲ့ အတွက် ဒီသတင်းဟာ ပေါ်ထွက်လာတယ်လို့ သတင်းက ရေးပါတယ်။
စင်ကာပူက ပင်နီစူလာပလာဇာက ဆိုင်တဆိုင်မှာ ဘောလုံးပွဲ လတ်မှတ်တွေကို သတ်မှတ် ဈေးနှုန်းထက် ပိုရောင်းတယ်လို့ မြန်မာဘောလုံးချစ်မြတ်နိုးသူများအဖွဲ့ရဲ့ ဖော်ပြချက်မှာ စွပ်စွဲဖော်ပြထားတယ်လို့ သတင်းက ဆိုပါတယ်။
ဇွန် ၁၅ ဘောလုံးပွဲမတိုင်ခင် တရက်မှာ မြန်မာ-ထိုင်း ဗိုလ်လုပွဲလက်မှတ်တစောင်ကို စင်ကာပူ ၅ ဒေါ်လာစီ ဈေးတင်ရောင်းချနေတယ်ဆို့ ဖော်ပြထားပါတယ်။
“လက်မှတ်တစောင်ကို စင်ကာပူ ဒေါ်လာ ၂၀ နဲ့ဝယ်ပြီး တစောင်ကို ၅ ဒေါ်လာ အမြတ်တင်ရောင်းတယ်လို့ ဆိုင်ပိုင်ရှင်က ပြောပါတယ်။ ရောင်းရတဲ့ အမြတ်ငွေ စုစုပေါင်း စင်ကာပူဒေါ်လာ ၈၅၀၀ ကို မြန်မာယူ-၂၃အသင်းကို လှူတယ်လို့ သူတို့က ပြောတယ်” လို့ ဒီအဖွဲ့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားတယ်လို့ သတင်းက ဆိုပါတယ်။
ဒါ့အပြင် ဆီးဂိမ်းလက်မှတ် အစောင် ၁၀၀ အထက်ဝယ်မယ်ဆိုရင် တစောင်ကို ၁၃ ဒေါ်လာပဲကုန်ကျမှာ ဖြစ်သလို ဈေးနှုန်းကို လက်မှတ်တွေပေါ်မှာ ပြထားတဲ့အကြောင်းနဲ့ စင်ကာပူရဲဌာန၊ အကောက်ခွန်ဌာနနဲ့ SINGSOC တို့က ဘယ်လိုကိုင်တွယ်မလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေကြကြောင်း ရေးသားထားတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

No comments:

Post a Comment