Friday, June 19, 2015

တပ်သားသစ်စုဆောင်းခြင်းအရေး ရတက်မအေးရင်လေးစရာ


(ဆောင်းပါး)

အခုတလော လူမှုရေးကွန်ယက် အွန်လိုင်းထဲမှာရော ပြည်တွင်းပြည်ပ သတင်းစာ၊ ဂျာနယ်၊ သတင်းဌာနတွေကပါ သျှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း တချို့ တို့က တပ်သားသစ် စုဆောင်းရေးကို ပုံမှန်ထက် ထပ်တိုး လုပ်ဆောင်ခြ င်းကြောင့် ဒေသခံ ပြည်သူလူထုတို့ထံမှ မကြားစဖူးကြားရသည့် ညည်းညူ သံေ တွဖေါ်ပြ ရေးသားထုတ်လွှင့်တာ နေ့စဉ်လိုလို သိရ၊ဖတ်ရ၊ကြား ရတော့ ရတက်မအေးရင်လေးစရာ ဖြစ်ရသည်။ ဤကိစ္စကို တိုင်းရင်းသား အဖွဲ့အစည်းတွေက
မည်သို့ကိုင်တွယ် ဖြေရှင်းပေးမည်ကို အားလုံး သိချင်နေကြ၏။
တပ်သားသစ်စုဆောင်းရေးသည် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး စတင်ပေါ်ပေါက် လာကတည်းက ဒွန်တွဲလျက်တပါတည်း ဖွားဘက် အဖြစ်ပါ လာခဲ့၏။ အခုမှ မိုးကျရွှေကိုယ်တော်လို ပေါ်လာတာမဟုတ်။
ဟိုတုန်းကတော့ မျိုးချစ်စိတ်အရင်းခံ၊ မဟုတ်မခံစိတ်ဓာတ်၊မွေးရာပါ အခွင့်အရေးအတွက် တိုက် ပွဲဝင် စိတ်ဓာတ်များဖြင့် မိမိတို့ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အတွင်းသို့ မိမိတို့သဘော အနှောင်အဖွဲ့ကင်းကင်း ဝင်ရောက် အမှုထမ်းခဲ့ကြောင်း ကို ရှေ့မီနောက်မီ လူကြီးသူမများ ပြောပြချက်အရ သိရှိရသည်။ သို့ကြောင့်မို့ မည်သည့်အဖွဲ့အစည်းကမှ စစ်မှုထမ်းရန် မည်သူကိုမှ ဆင့်ခေါ်ဖို့ အလျဉ်းမလိုကြောင်း ကြားဖူး နားဝရှိ၏။
အသက်မပြည့်သေးသူများ၊ ကျောင်းနေရင်းတန်းလန်းနဲ့ ကျောင်းသားများကို ချော့မော့ ဖြောင်းဖြပြီး အိမ်ပြန်ခိုင်းရတာလည်း အခေါက်ခေါက်အခါ ခါရှိခဲ့ကြောင်း စစ်မှုထမ်းဟောင်းကြီး တစ်ဦးပြောပြချက်ကို ပြန်အမှတ်ရ၏။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသည် မိမိတို့၏ တပ်အင်အား ကြီးထွားတောင့်တင်းရေးအတွက် တပ်သားသစ်စုဆောင်းခြင်း ကို မဖြစ်မနေမလွဲမသွေ လုပ်ဆောင်ကြ ရ၏။ အစိုးရမဟုတ်သဖြင့် တပ်သား သစ် လူသစ်စုဆောင်းရာတွင် ခေတ်ကာလကို လိုက်၍ အကန့်အသတ် အခက်အခဲများစွာ ကြုံတွေ့ရသည်။ ကာလ၊ ဒေသ၊ ပုဂ္ဂလကိုကြည့်ပြီး ဆောင် ရွက်ရ၏။ သို့သော်အပစ်ခတ်ရပ်ခေတ် မတိုင်မီကာလတွင် တပ်သားသစ် စုဆောင်းခြင်းကို တိုင်းရင်းသား အဖွဲ့အစည်းများအားလုံးနီးပါး အခက်အခဲ သိပ်မရှိဘဲ အကောင်အထည်ဖော် လုပ်ကိုင်နိုင်ခဲ့ကြ၏။
ကချင်ပြည်နယ်နှင့်သျှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက် လှုပ်ရှားခဲ့သည့် ကချင်လွတ်လပ် ရေးတပ်မတော် KIA၊ သျှမ်းပြည်နယ် အတွင်း အခြေပြုလှု ပ်ရှားခဲ့ကြသည့် သျှမ်းတပ်မတော်များ ဖြစ်ကြ သည့် SSA ၊ SURA ၊ SUA၊ MTAနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တို့သည် အပစ်ရပ်ခေတ်မတိုင်မီ ကာလတွင် တပ်သားသစ်စုဆောင်းရေးကို အထူးလေးထားကာ ယင်းတို့၏ တပ်အင်အားကို အခိုင်အမာ တည်ဆောက်နိုင်ခဲ့ကြောင်း သမိုင်းကြောင်းအရ သိရသည်။
ဗကပပြိုကွဲသွားသည့်နောက်ပိုင်း အပစ်ခတ်ရပ် ပထမခေတ်ဦးတွင် ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်နှင့် KIA တို့သည် ၎င်းတို့၏ စစ်သည်အင်အားကို ထောင်သောင်းချီ စုဆောင်း နိုင်ခဲ့၏။ အပစ်ခတ်ရပ်ခြင်းကို အကျိုးရှိစွာ ဆောင်ရွက်နိုင်ခဲ့ကြ၏။ အပစ်ရပ် သျှမ်းငြိမ်းချမ်းရေး အဖွဲ့များဖြစ်ကြသည့် သျှမ်းပြည်တပ်မတော် SSAနှင့် မိုင်းလားအဖွဲ့ NDAAတို့ သည်လည်း ၎င်းတို့၏ စစ်သည်အင်အားများကို ထိုက်သင့်သလောက် ကောက်ယူစုဆောင်းနိုင်ခဲ့ကြ ကြောင်း စစ်တမ်းများအရ သိရသည်။
သို့သော် အပစ်ရပ်ခေတ် ဒုတိယခေတ်ဖြစ်သည့် ၂၀၁၀နောက်ပိုင်းတွင် တပ်မတော်၏ငြိမ်းချမ်း ရေးမူ(၆)ချက်အနက် တစ်ချက်ဖြစ်သည့် တပ်သားသစ် စုဆောင်းခြင်းမပြုရ ဆိုသည့် အချက်ကြောင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအဖို့ ၎င်းတို့၏ တပ်အင်အား တိုးချဲ့ရေးအတွက် ကြီးစွာသော အခက်အခဲ အဟန့်အတားများနှင့် ကြုံတွေ့ လာရသည်။ တဘက်တွင် နိုင်ငံရေး ပါတီများ၊ လူမှုအခြေပြု အဖွဲ့အစည်းများ၊ လူအခွင့်အရေး အဖွဲ့အစည်းများလည်း တိုင်းရင်းသား အဖွဲ့အစည်းများ၏ တပ်သားသစ်စုဆောင်းရေးကို သွယ်ဝိုက်တနည်း တိုက်ရိုက်တဖုံဖြင့် ကန့်ကွက်တားဆီးခြင်းများ ပြုလုပ်လာသည်ကို တွေ့ရသည်။ ငြိမ်းချမ်းရေး အမည်နာမ ပေါ်ပြူလာ ဖြစ်သည့် ခေတ်ကာလတွင် ပြည်သူလူထုများလည်း တိုင်းရင်းသား တပ်ဖွဲ့တို့၏ တပ်အင်အား တည်ဆောက်ခြင်း အပေါ် ထောက်ခံမှု များ ယခင်ကလောက် အားတက်သရော မရှိသည်ကို တွေ့လာရ၏။ ၎င်းတို့၏ သားသမီး ရင်နှစ်သည်းချာများအား တိုင်းရင်းသား တပ်ဖွဲ့များထံ မိဘများ ကိုယ်တိုင်ကိုယ်ကျ လာရောက်အပ်နှံ ပေးအပ်ခြင်းမျိုးများသည်လည်း ယခင်ကလို မရှိသလောက်ဖြစ်ပြီး တဖြည်းဖြည်းကျဆင်း နည်းပါးသွားခဲ့သည်။
အထက်ပါ အကြောင်းရင်းများကြောင့် ခေတ်သစ် အပစ်ရပ်ကာလတွင် တိုင်းရင်းသား တပ်ဖွဲ့ များသည် မိမိတို့၏ စစ်သည်အင်အား ဖြည့်တင်းရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လာ သည်ကို တွေ့ရသည်။ ကိုတာစနစ်၊ ဆင့်ခေါ်စနစ်၊ စစ်မှုမထမ်းမနေရစနစ်၊ စေတနာစနစ် စသည်ဖြင့် ဆောင်ရွက်လာ၏။
စစ်မှုထမ်းသက်တမ်းကိုလည်း အမြဲတမ်းစစ်မှုထမ်း၊ ၁၀နှစ်စစ်မှုထမ်း၊ ၅ နှစ်စစ်မှုထမ်း၊ ၃နှစ်စစ်မှုထမ်း၊ ၂နှစ်စစ်မှုထမ်း၊ အရံစစ်မှုထမ်း(ပြည်သူ့စစ်) စသည်ဖြင့် သတ်မှတ်ထား သည်ကို တွေ့ရသည်။ သို့သော် သတ်မှတ်သည့် အင်အားအရေအတွက် ပြည့်မီရေးသည် တိုင်းရင်းသား တပ်ဖွဲ့များအဖို့ ကြီးမားသည့် စိန်ခေါ်မှုကြီး ဖြစ်ခဲ့၏။
ငြိမ်းချမ်းရေးနှင့် အပစ်ရပ်စာချုပ်ချုပ်ဆိုရာတွင် အစိုးရဘက်က စစ်သည်အင်အား တိုးချဲ့ခြင်း မပြုရ ဆိုသည့်အချက် ထည့်သွင်းထားသကဲ့သို့ ကာချုပ်ကလည်း တပ်သားသစ် စုဆောင်းရေး မပြု လုပ်ရ ဆိုသည်ကို တပ်မတော်ငြိမ်းချမ်းရေးဆိုင်ရာ မူ(၆)ချက်တွင် အတိအလင်းထည့်သွင်း ထားသဖြင့် ငြိမ်းချမ်းရေးနှင့် အပစ်ရပ်အစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားများအဖို့ အင်အားဖြည့် တင်းရေးအတွက် မလူးသာမလွန့်သာ ဖြစ်ခဲ့ရသည်။ NCAတွင် ဤအချက်ကို ထည့်သွင်းထားသည့် အတွက် နိုင်ငံရေးဆွေးနွေးပွဲမပြီးပြတ်မီ ပြုပြင်ပြောင်း လဲရေး ကြားကာလတွင်လည်း တိုင်းရင်းသား တပ်ဖွဲ့များအဖို့ ကိုယ့်လည်ပင်း ကြိုးကွင်းစွပ်မိသလို တပ်သားသစ်စုဆောင်းရေး အလွန့်အလွန် ခက်ခဲ သွားမည်ဖြစ်၏။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသည် အင်အားဖြည့်တင်းရေး မူဝါ ဒကို ကျင်လည်လိမ္မာပါးနပ်စွာ မချမှတ်နိုင်ပါက အစိုးရနှင့်တပ်မတော်၏ ဆင်ကွက်တွင်းသို့ သက်ဆင်း ကျရောက်မည်ကို စိုးရိမ်နေကြသည်။ လူထုတို့၏ တံထွေးခွက်တွင် ပေါလောေ ပ်ါမည်ကို ရွံ့ကြောက်မိ သည်၊
ယခုပင် ကချင်ပြည်နယ်တွင် ကြည့်ပါက ကချင်လွတ်လပ်ရေး တပ်မတော် KIAနှင့် ဒေသခံ သျှမ်းကျေးလက်လူထုတို့အကြား နည်းလမ်း မကျသည့် တပ်သားသစ်စုဆောင်းရေးကြောင့် တမြေ တည်းအတူနေ တိုင်းရင်းသား ညီနောင်များတွေတောင်မှ ကတောက်ကဆဖြစ်ခဲ့သည်ကို မကြား ချင်ဆုံး စိတ်မချမ်းသာစွာ ကြားသိခဲ့ရသည်။ နယ်မြေခံ သျှမ်းတိုင်းရင်း သားမျိုးနွယ်စုရေးရာအဖွဲ့ ဦးစီးကာ မတရားသည့် စစ်သားသစ် စုဆောင်းရေး ဆောက်ရွက်ချက်များနှင့် ပတ်သက်၍ မြစ်ကြီးနား သျှမ်းများ က KIAကို ဆန့်ကျင်ဆန္ဒပြသည့် ဖြစ်စဉ်များလည်း ဖြစ်ပွါးခဲ့ဖူး၏။
စစ်သားစုဆောင်းခြင်းကို မခံနိုင် တော့၍ ကချင်ပြည်နယ် ဒေ သခံကျေး လက်နေ သျှမ်းများက ပြည်သူ့စစ်အသွင်ပြောင်းပြီး တပ်မတော်၏ လက်အောက်ခံအဖြစ် မသက်မသာ မလွဲမရှောင်သာ ခံယူသွားကြသည် မျာလည်း ရှိခဲ့ကြ၏။ ယင်းကို KIAက မည်ကဲ့သို့ ဖြေရှင်းပေးမည်နည်း။ အဖြေမရှိသည့် ပုစ္ဆာတော့ ဖြစ်မည်မထင်။
သျှမ်းပြည်နယ်တွင် သျှမ်းတပ်ဖွဲ့များ၊ ဝတပ်ဖွဲ့၊ ပလောင်တပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့၊ ပအိုဝ်းတပ်ဖွဲ့၊ ပြည်သူ့စစ် တပ်ဖွဲ့များ၏ စည်းစနစ်မကျသည့် တပ်သားစုဆောင်းရေးကြောင့် ဒေသခံ ပြည်သူလူထု များအဖို့ ကြီးလေးသည့် ဝန်ထုပ်ဝန်းပိုး ဖြစ်စေခဲ့သည်။ လူငယ်လူရွယ်များ မိမိတို့၏ ဇာတိချက်ကြွေ မွေးရပ်မြေကို စွန့်ခွါသည့် ဖြစ်ရပ်များ အမြောက်အမြား ဖြစ်ပွါးခဲ့၏။ အိမ်နီးချင်းတရုတ်နိုင်ငံ၊ ထိုင်းနိုင် ငံသို့ ထွက်ပြေးသွားရောက် ခိုလှုံသည့် ဖြစ်စဉ်များလည်း နေ့စဉ် လစဉ်လိုလို ရှိခဲ့၏။ တချို့ကျေး လက်ဒေသများတွင် လူငယ်လူရွယ်များ မတွေ့ရဘဲ သက်ကြီးရွယ်အို အဖိုးအဖွားများသာ ကလေးလူမ မယ်များအား ပြုစုစောင့်ရှောက်ရင်း ကျန်ရစ်ခဲ့သည်ကို တွေ့ခဲ့ရသည်။
တချို့ရွာများတွင် အိမ်ကြီးရခိုင်များ မှာနေသူမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်ကို အများအပြား တွေ့ခဲ့ရသည်မှာ ထူးဆန်းသည့် အရာ မဟုတ်တော့။ ဤသည်ကို သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းများ ဘယ်လို ကိုင်တွယ်ဆောင် ရွက်မည်နည်းဟု အများက သိချင်ကြ၏။ ခေတ်ကာလများနှင့်အတူ လိုက်ပါ၍ သျှမ်းပြည်အခြေစိုက် တိုင်းရင်းသား တပ်ဖွဲ့များ မိမိတို့၏ တပ်သားသစ် စုဆောင်းရေး မူဝါဒကို အလျင်အမြန် ပြုပြင်သင့် ပါကြောင်း တိုင်းရင်းသား စစ်မှုဟောင်းများက အကြံပြုခဲ့ကြ၏။
CNF လှုပ်ရှားအခြေချသည့် ချင်းပြည်နယ်၊ AAဝင်ရောက်သည့် ရခိုင်ပြည်နယ်၊ NMSP လှုပ်ရှား နေထိုင်သည့် မွန်ပြည်နယ်၊ ကရင်တပ်ဖွဲ့ KNU၊ DKBA၊ KNU-PC တို့လှုပ်ရှားသည့် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်း၊ KNPPလှုပ်ရှား သွားလာသည့် ကရင်နီပြည်နယ်တို့တွင် စစ်သားသစ် စုဆောင်းရေးနှင့် ပတ်သက်ပြီး နယ်ခံ ပြည်သူလူထုတို့ထံမှ တိုင်တောသည့်အသံ၊ ဆန့်ကျင် ကန့်ကွက်သည့် အသံများ ကျယ်ကျယ်လောင်လောင် မကြားမိသော်လည်း သတင်းသိုးသိုး သန့်သန့်တော့ ထွက်လာကြောင်း သက်ဆိုင်ရာ ပြည်နယ်၊တိုင်း နယ်လုံဝန်ကြီးများ၏ တိုင်းရင်းသား အဖွဲ့အစည်းများထံ ပေးပို့သည့် ကန့်ကွက်စာများအရ သိရ၏။ တခြား ကချင်နှင့် သျှမ်းပြည်နယ် အခြေစိုက် တိုင်းရင်းသား တပ်ဖွဲ့များလို မဖြစ်ရလေအောင် ကရင်၊ ကရင်နီ၊ မွန် ၊ချင်း၊ ရခိုင် တပ်ဖွဲ့များကလည်း မိမိတို့၏ တပ်အင်အားဖြည့်တင်းရေး ပေါ်လစီ ကို ခေတ်စနစ်နှင့်အညီ လိုက်လျော ညီထွေပြင်ဆင်သွား သင့်ကြောင်း လူထုနှင့် စစ်ရေးအကဲခတ်များက ဆို၏။
ကချင်တပ်က သျှမ်းတွေကို စစ်သားအဖြစ် စုဆောင်းလို့ သျှမ်းတွေက ပူညံဆူညံ၊ သျှမ်းတပ်က ပလောင်၊ ပအိုဝ်း၊ လားဟူတွေကို တပ်သားအဖြစ် ဆင့်ခေါ်လို့ သူတို့တွေက ကန့်ကွက်၊ ပလောင်တပ် ပအိုဝ်းတပ်၊ ဝတပ်တွေက သျှမ်းတွေကို တပ်သားသစ်အတွက် စုကောက်လို့ သျှမ်းတွေက မကျေမနပ်၊ ဒီကြားထဲ ပြည်သူ့စစ်တွေကလည်း မြွေပူရာကင်းမှောင့်ဆိုတော့ ဒီစစ်သားစုဆောင်းရေးကို သက်ဆိုင်ရာတိုင်းရင်းသား တပ်ဖွဲ့အချင်း ချင်းကြား ညှိနှိုင်းတိုင်ပင် ဖြေရှင်းနိုင်ခြင်း မပြုလျှင် ဤအရေးသည် အမှိုက်ကစ ပြဿဒ်မီးလောင်ကိန်း ဆိုက်မည်ကို စိုးရိမ်၏။ ဘုံရန်သူကို တိုက်ဖို့မဆိုထား နှင့် မိမိတို့ တိုင်းရင်းသားတွေကြား အချင်းချင်း အရင်ဆုံး ပြန်လည်ဆော်ရမည့်ဘူတာ ဆိုက်မည်ကို ကြောက်မိ၏။
အချုပ်အားဖြင့် မိမိတို့ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအားလုံးက တက်ညီလက်ညီ ချီတက်နိုင် ရန် မိမိတို့၏ တပ်အင်အားဖြည့်တင်းရေး မူဝါဒ ပေါ်လစီများကို အများပြည်သူ လက်ခံနိုင်သည်အထြိ     ပုပြင်ပြောင်းလဲရေးဆွဲနိုင်ရေး၊ မျက်မှောက် ခေတ်ကာလနှင့် လိုက်လျောညီထွေ ဖြစ်စေရေးအဖို့ တိုင်းရင်းသား အဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းလုပ်ဆောင်ကြပါရန် အများအကျိုး ရှေ့ရှု၍ ရေးသား လိုက်ရပါ၏။

No comments:

Post a Comment