Monday, July 28, 2014

ကွင်းထဲထိ ဝင်ရောက်ပြီး ဘာလော့တယ်လီနှင့်အတူ ဓာတ်ပုံ ရိုက်ခဲ့သည့် ပရိသတ်များ




Monday, July 28, 2014

အမေရိကန်တွင် ခြေစမ်းပွဲ ကစားနေစဉ် အတောအတွင်း ပရိသတ်များ ကွင်းထဲသို့ ကျူးကျော်ဝင်ရောက်လာက အေစီမီလန် တိုက်စစ်မှူး မာရီယို ဘာလော့တယ်လီနှင့် တွဲဖက်၍ Selfie ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်။

စူပါမာရီယိုဟု ပရိသတ်များက ချစ်စနိုး ခေါ်ဝေါ်လေ့ရှိသည့် အီတလီ လက်ရွေးစင် တိုက်စစ်မှူးသည် မီလန်ကို ကိုယ်စားပြုပြီး ၎င်း၏ အသင်းဟောင်း မန်ချက်စတာ စီးတီးနှင့် ယှဉ်ပြိုင်ခဲ့ရာတွင် (၅-၁)ဖြင့် အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။ အမေရိကန်တွင် ကျင်းပသည့် ဂင်းနစ် နိုင်ငံတကာ ချန်ပီယံများဖလား ဖိတ်ခေါ် ခြေစမ်းပွဲတွင် မီလန်အနေဖြင့် နှစ်ပွဲဆက်တိုက် အရေးနိမ့်ခြင်းလည်း ဖြစ်သည်။

အသက်(၂၃)နှစ်ရှိ ဘာလော့တယ်လီသည် ပွဲရလဒ်အားဖြင့် ပျော်ရွှင်စရာ မဖြစ်ခဲ့သည့်တိုင် လုံခြုံရေးများ အလစ်တွင် ကွင်းထဲသို့ ဒုန်းစိုင်းပြေးဝင်လာသော ပရိသတ် နှစ်ဦးကိုမူ ပြုံးပြုံးရွှင်ရွှင် လက်ခံပြီး Selfie ဓာတ်ပုံ အရိုက်ခံခဲ့သည်။ ဘာလော့တယ်လီသည် မီလန်က (၄-၁)ဖြင့် အရေးနိမ့်နေချိန်တွင် လူစားဝင်ရောက် ကစားခဲ့ခြင်း ဖြစ်သည်။ ပရိသတ်နှစ်ဦး ကွင်းထဲ ပြေးဝင်လာချိန်တွင် လုံခြုံရေးဝန်ထမ်း တစ်ဦးက ၎င်းတို့ကို လိုက်လံဖမ်းဆီးခဲ့သော်လည်း ဘာလော့တယ်လီ ကိုယ်တိုင်က လိုလိုလားလား ဓာတ်ပုံရိုက်ပေးနေသည့်အတွက် တုံ့ဆိုင်းသွားခဲ့သည်ကို တွေ့ရသည်။

ပွယောင်းယောင်း ဆံပင်တုကြီးများ စွပ်ထားသည့် ပရိသတ် နှစ်ဦးသည် လိုချင်သည့် ဓာတ်ပုံကို ရရှိသည့်အခါ လုံခြုံရေးဝန်ထမ်း ခေါ်ဆောင်ရာသို့ ကြည်ကြည်သာသာပင် လိုက်ပါသွားခဲ့သည်။ ဘာလော့တယ်လီသည် ယခုနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တွင် မီလန်မှ ထွက်ခွာပြီး အာဆင်နယ်သို့ ကူးပြောင်းဖြစ်လိမ့်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

_Ref: Dailymail

No comments:

Post a Comment