Wednesday, July 30, 2014

လူသစ်၊ သိန်း(၂၀)နှင့် RCSS/SSA အဖွဲ့ကြောင့် ဒေသခံလူငယ်များနေရပ်စွန့်ခွာ



Wednesday, July 30, 2014

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် ပင်လုံမြို့နယ်ခွဲအတွင်း ရှိ ကျေးရွာအုပ်စုများတွင် ဇူလိုင် ၃၀ ရက်နေ့ အပြီး လူသစ်နှင့် ဒဏ်ငွေများကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA)အဖွဲ့ မှ တောင်းခံထားမှုကြောင့် ဒေသခံလူငယ် များ နေရပ်စွန့်ခွာနေကြကြောင်း ယင်းဒေသခံများထံမှ သိရသည်

အဆိုပါမြို့နယ်ခွဲ ဆနင်းကျေးရွာအုပ်စု၊ ၀မ်ကျောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဇူလိုင် ၂၉ ရက်နေ့တွင် RCSS/SSA အဖွဲ့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများအားခေါ်ကာ လူသစ်မပေးနိုင်ပါက ဒဏ်ငွေပေးရန် ပြောဆိုခဲ့ ကြောင်း သွားရောက်ခဲ့သော အုပ်ချုပ်ရေးမှူးအချို့က ပြောသည်။

``ဒီလကုန်အပြီး တစ်ရွာလူသစ် ၅ ယောက် ပေးရမယ်လို့ ပြောတယ်။ လူသစ်မပေးနိုင်ရင် တစ်ယောက် သိန်း(၂၀)ပေးရမှာပါ´´ ဟု အမည်မဖော်လိုသော အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။
RCSS/SSA အဖွဲ့မှ လူသစ်စုဆောင်းခြင်းခံရသော ကျေးရွာအုပ်စုများမှာ ဆနင်းကျေးရွာအုပ်စု၊ ဆဟောင်း ကျေးရွာအုပ်စုနှင့် ဟဲနန်းကျေးရွာအုပ်စုတို့ဖြစ်ကြောင်း သိရသည်။

``ပညာတတ်လူငယ်တွေကိုပဲ ရွေးခေါ်နေတာ၊ ယောက်ျားလေးရော မိန်းကလေးပါ အကုန်လုံးပဲ၊ ရွာထဲမှာ လည်း ဆန္ဒပြုတဲ့သူမရှိဘူး၊ အဲဒီသတင်းကြားကြားချင်း အချို့လူငယ်တွေ မြို့ပေါ်တက်ပြေးကြပြီ´´ ဟု ဟဲနန်း ရွာသား ဦးစိုင်းခေးမောင်က ပြောသည်။

အဆိုပါ ကျေးရွာအုပ်စုများတွင် ဒေသခံရှမ်းလူမျိုးများသာမက ပအို့ဝ်လူမျိုးများပါ ရောနှောနေထိုင်လျက်ရှိရာ RCSS/SSA အဖွဲ့၏ လူသစ်စုဆောင်းမှုအပေါ် ပအို့ဝ်တိုင်းရင်းသားများက မကျေမနပ်ဖြစ်နေကြသည်။
``ဟဲနန်းနဲ့ ဆဟာင်းအုပ်စုမှာ ငါတို့ပအို့ဝ်တွေ အများကြီးပဲ၊ ရှမ်းစစ်တပ်က လူသစ်လာစုတယ်၊ မလိုက်နိုင်ပါဘူး လူသစ်မလုပ်ရင် ငွေသိန်း (၂၀)ပေးရမယ်လို့ ပြောတယ်။ အဲဒါကိုလည်း မပေးနိုင်ဘူးလို့ပဲ ပြောလိုက်တယ်၊ ငါတို့ ပအို့ဝ်တွေအတွက် သူတို့ဘာတစ်ခုမှ ကောင်းကျိုးလုပ်ပေးထားတာမရှိဘူး´´ ဟု ဆဟာင်းရွာနေ ဒေသခံပအို့ဝ် တိုင်းရင်းသားတစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပင်လုံမြို့နေ ပအို့ဝ်အသွင်ပြောင်းပြည်သူ့စစ် ဌာနေအဖွဲ့မှ ဗိုလ်မှူးတစ်ဦးအား ဆက်သွယ်မေးမြန်းကြည့် ရာ``လူသစ်တောင်းတဲ့ကိစ္စ၊ လူသစ်မပေးရင် ဒဏ်ငွေသိန်း(၂၀)ပေးရမယ်ကိစ္စ ရွာသူရွာသားတွေ လာသတင်းပို့တာရှိတယ်၊ ကျွန်တော်တို့က ငြိမ်းချမ်းရေးယူပြီးကတည်းက ဌာနေပြည်သူ့စစ် အနေနဲ့ အေးအေးဆေးဆေးနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပအို့ဝ်တိုင်းရင်းသားတွေကို ဒီနေ့အထိ ကာကွယ်ပေးနေ ပါတယ်၊ နိုင်ထက်စီးနင်းလုပ်လာရင်တော့ လက်ခံမှာမဟုတ်ပါဘူး၊ သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်ကိုလည်း အကြောင်းကြားထားပါတယ်´´ ဟု ပြောကြားသွားခဲ့သည်။

လင်းလက်ဟိန်း(တောင်ကြီး)
Shan News

No comments:

Post a Comment