Wednesday, December 14, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာ့သိုင်း သရုပ်ပြသမှုကြည့်ရှု၊ ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ကြည့်ရှုအားပေးစကားပြောကြား၊ Vertical Wind Tunnel ဆောက်လုပ်ထားရှိမှုနှင့် လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေး





မြန်မာ့သိုင်းသည် ဗန်တို(လက်နက်မဲ့)နှင့် ဗန်ရှည်(လက်နက်ဖြင့်) ပညာရပ်နှစ်ခုကို ပေါင်းစပ်ထားသည့် မြန်မာ့ရိုးရာ ကိုယ်ခံပညာတစ်ခုဖြစ်ကြောင်း၊ မြန်မာ့သိုင်းပညာသည် သူတစ်ပါးကို ရန်ပြုတိုက်ခိုက်ရန်မဟုတ်ဘဲ အခြေခံအားဖြင့် လက်နှင့်ခြေထောက်များကို အသုံးပြုပြီး မိမိကိုယ်ကို ခုခံကာကွယ်ခြင်းဖြစ်သောကြောင့် မိမိ၏ကျန်းမာမှု၊ ကြံ့ခိုင်မှုနှင့် လုံခြုံမှုအတွက် အားလုံးလေ့လာ လိုက်စားသင့်သည့် ကိုယ်လုံပညာရပ်တစ်ခုဖြစ် ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံတပ်နယ်ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် စုပေါင်းတန်းစီကွင်းတွင် သင်တန်းသား၊ သင်တန်းသူများက မြန်မာ့သိုင်းသရုပ်ပြသပွဲ၌ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
အဆိုပါ သရုပ်ပြပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူတစ်ဦးက မြန်မာ့သိုင်းနှင့်ပတ်သက်၍ သင်ကြားလေ့ကျင့်ပေးမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် သင်တန်းသား၊ သင်တန်းသူများက မြန်မာ့သိုင်းပညာ ကစားကွက်များ အနက်မှ စုပေါင်းကစားကွက် ၆ မျိုး၊ တစ်ကိုယ်တော်ကစားကွက် ၅ မျိုးနှင့် အတွဲတိုက်ပြကွက် ၃ မျိုးတို့အား သရုပ်ပြသကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းသား၊ သင်တန်းသူများအား အမှာစကား ပြောကြားရာတွင် က
မ္ဘာ့နိုင်ငံများတွင် နိုင်ငံအလိုက် ကိုယ်ခံပညာများရှိကြရာ မြန်မာ့သိုင်းသည် မြန်မာတို့၏ ရိုးရာကိုယ်ခံပညာဖြစ်ကြောင်း၊ မှတ်တမ်းမှတ်ရာများအရ ရှေးနှစ်ပေါင်းများစွာ ကတည်းကရှိခဲ့သည့် မြန်မာ့ရှေးဟောင်း ကိုယ်ခံပညာတစ်ခုဖြစ်ပြီး ၂၀၁၅ ခုနှစ်မှစ၍ တပ်မတော်တွင် သင်ကြားလေ့ကျင့်ပေးသည့် ကိုယ်ခံပညာရပ်များတွင် မြန်မာ့သိုင်းကိုပါထည့်သွင်းပြီး ပြန်လည်ဖော်ထုတ် လေ့ကျင့်သင်ကြားပေးလျက် ရှိကြောင်း၊ ယခုပြသမှုကိုကြည့်ခြင်းအားဖြင့် တစ်နှစ်တာကာလအတွင်း သင်တန်းကျောင်းများတွင် စနစ်တကျ သင်ကြားပေးမှုကြောင့် ကျွမ်းကျင်တတ်မြောက်မှု အခြေအနေများကိုလည်း အားရကျေနပ်ဖွယ်ရာ တွေ့မြင်ရ ကြောင်း၊ သင်တန်းဆင်းသွားသည့် အခါတွင်လည်း မိမိ၏ကျန်းမာရေးအတွက်၊ ကြံ့ခိုင်သန်စွမ်းမှုအတွက် စဉ်ဆက်မပြတ် ဆက်တိုက်လုပ်ဆောင်သွားရန်လိုကြောင်း၊ မြန်မာ့သိုင်းပညာရပ်သည် အခြားသူတစ်ဦးရန်ပြုမှုမှ မိမိကိုယ်မိမိ ကောင်းမွန်စွာ ကာကွယ်နိုင်သည့် ကိုယ်လုံပညာရပ်တစ်ခုလည်း ဖြစ်သောကြောင့် ကိုယ်တိုင်ဆက်လက် လေ့ကျင့်လုပ်ဆောင်ကြရမည် ဖြစ်သကဲ့သို့ မိမိ၏ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအားလည်း လက်ဆင့်ကမ်းစေလိုကြောင်း၊ မိမိတာဝန်ထမ်းဆောင်ရမည့် တပ်များတွင် လက်ဆင့်ကမ်းသင်ကြားပေးခြင်းဖြင့် ဆေးတပ်ဖွဲ့တွင်း ထိုမှတစ်ဆင့် တပ်မတော်အတွင်း မြန်မာ့သိုင်းပညာတတ်ကျွမ်းသူများ တိုးပွားလာမည် ဖြစ်ကြောင်း၊ မိမိနိုင်ငံအတွင်း ပန်းခြံများ၊ မြေကွက်လပ်များနှင့် အများပြည်သူ အပန်းဖြေလှုပ်ရှားမှု ပြုလုပ်နိုင်သည့် နေရာများတွင် ၀ူရှုး၊ ထိုက်ချိချွမ်စသည့် အားကစားကိုယ်လက်လှုပ်ရှားမှုများ လုပ်ဆောင်နေကြ ကြောင်း၊ မြန်မာ့သိုင်းပညာတွင် ကျန်းမာရေးနှင့်ညီညွတ်စေပြီး ကြံ့ခိုင်သန်စွမ်းမှုကို အထောက်အကူပြုသော ခေါင်း၊ ခါး၊ ခြေ၊ လက် လှုပ်ရှားမှုအကွက်များ စုံလင်စွာပါရှိခြင်းကြောင့် မိမိတို့ရိုးရာမြန်မာ့သိုင်းကိုလည်း စိတ်ပါဝင်စားစွာဖြင့် စုပေါင်းလုပ်ဆောင်နိုင်ကြောင်း၊ ထိုသို့မြန်မာ့ရိုးရာသိုင်းပညာရပ်များ လေ့လာလိုက်စား ခြင်းဖြင့် တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရှင်သန်နိုးကြား လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့သိုင်းသရုပ်ပြသခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအား ချီးမြှင့်ငွေများပေးအပ်ပြီး မြန်မာ့သိုင်းအဖွဲ့ချုပ်မှ အဆင့်အလိုက် သတ်မှတ်ထားသည့် ခါးပတ်များနှင့် လေ့ကျင့်ရာတွင်အသုံးပြုသည့် သင်ကြားမှု အထောက်အကူပြုပစ္စည်းများ ခင်းကျင်းထားမှုအား ကြည့်ရှုသည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်္ဂလာဒုံတပ်နယ်ရှိ တပ်မတော် အရိုးအထူးကုဆေးရုံသို့ ရောက်ရှိကြပြီး ဆေးရုံတက်ရောက် ကုသလျက်ရှိသော ရှေ့တန်းစစ်ဆင်ရေး တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၏ တစ်ဦးချင်းထိခိုက်ဒဏ်ရာရရှိမှုနှင့် ဆေးဝါးကုသမှု အခြေအနေများအားမေးမြန်းပြီး အားပေးစကားပြောကြား၍ စားသောက်ဖွယ်ရာ များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော် ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေးဆေးရုံသို့ ရောက်ရှိကြပြီး ခြေတုလက်တု တိုင်းတာရေးဌာနတွင် တက်ရောက်ကုသ လျက်ရှိသည့် ရှေ့တန်းစစ်ဆင်ရေးတာဝန် ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိသည့် အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တစ်ဦးချင်း၏ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဆေးဝါးကုသမှု အခြေအနေများအား မေးမြန်းပြီး အားပေးစကားပြောကြား၍ စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် ဆေးရုံအတွင်းရှိ ခြေတုလက်တုအလုပ်ရုံအတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ အားသွားရောက်ကြည့်ရှု စစ်ဆေးရာတာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အသုံးပြုသူများ သက်သောင့်သက်သာဖြင့် အဆင်ပြေစွာ အသုံးပြုနိုင်အောင် စီမံဆောင်ရွက်ရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုတွက် သင်တန်းများစေလွတ်ရန် မှာကြားပြီး လိုအပ်သည့်အုပ်ချုပ်မှုကိစ္စရပ်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါပြီး မင်္ဂလာဒုံတပ်နယ်တွင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း မှ တာဝန်ယူ တည်ဆောက်လျက်ရှိသည့် Vertical Wind Tunnel ဆောက်လုပ်ထားရှိမှုအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာအစည်းအဝေးခန်းမတွင် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက အဆောက်အဦ တည်ဆောက်ပြီးစီးမှု၊ စက်ပစ္စည်းများ တပ်ဆင်ထားရှိမှုနှင့် စမ်းသပ်မောင်းနှင်မှု၊ သင်တန်းသားများ လေ့ကျင့်ဆောင်ရွက်နေမှုတို့အား Power Point ဖြင့်ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Vertical Wind Tunnel ဖြင့်သင်တန်းသား၊ သင်တန်းသူများအားနည်းပြများမှ လေ့ကျင့်ဆောင်ရွက်မှု သရုပ်ပြသမှုကို ကြည့်ရှုအားပေးပြီး သင်တန်းနည်းပြများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ Vertical Wind Tunnel အဆောက်အဦသည် တပ်မတော်မှလေထီး စစ်သည်များအား Free Fall စစ်သည်များအဖြစ် အတန်းမြှင့်လေ့ကျင့်ပေးနိုင်ရန်၊ လေထဲလိုက်နာဖွယ် သတ်မှတ်ချက်များနှင့်လေထဲတွင် ခန္ဓာကိုယ်အနေအထား ထိန်းသိမ်းခြင်းကို အလျင်အမြန် ကျွမ်းကျင်တတ်မြောက်စေရန်၊ စစ်ဘက်အလွတ်ခုန် လေထီးလေ့ကျင့်ရာတွင် အမြင့်ခုန်အနိမ့်ဖွင့်နည်းစနစ် (High Altitude Low Opening) နှင့် အမြင့်ခုန် အမြင့်ဖွင့်နည်းစနစ် (Hight Altitude High Opening) စနစ်နှစ်မျိုးစလုံး စနစ်တကျဆောင်ရွက်နိုင်စေရန် အတွက်လေ့ကျင့်ပေးရန်နှင့် နိုင်ငံတကာနှင့်ရင်ဘောင်တန်း၍ နိုင်ငံတကာအဆင့်မီ Sky Driver လေထီးခုန် အားကစားသမားများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။
Senior General Min Aung Hlaing

No comments:

Post a Comment