Wednesday, September 17, 2014

အခွင့်အလမ်းများပေါ်နေချိန်တွင် မြန်မာလူငယ်တို့ အိပ်မက်များကို အကောင်အထည်ဖော်ရန် ဦးဖိလစ်မောင် တိုက်တွန်း အမေရိကန်တွင် ရွှေ့ပြောင်းလုပ်သားဘဝမှ လုပ်ငန်းရှင်ကြီးဖြစ်လာသူ ဦးဖိလစ်မောင်နှင့်တွေ့ဆုံခြင်း


By
အောင်သူရ On
Wed, 2014အတွဲ (၁၃)၊ အမှတ်(၂၈)

အမေရိကန်သမ္မတအိုဘားမားနှင့်အတူ ဦးဖိလစ်မောင်ကိုတွေ့ရစဉ် (hisshosushi.com)


လွန်ခဲ့သည့်အနှစ် ၂၀ ကျော်က အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းလုပ်သားအဖြစ် ရောက်ခဲ့သော မြန်မာလူငယ်တစ်ဦးမှာ ယခုအခါ အမေရိကန်နိုင်ငံတွင် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်နေပါပြီ။ သူ့အမည်က ဦးဖိလစ်မောင်။ အမေရိကန်ရောက်စတွင် ဆူရှီဆိုင်တစ်ဆိုင်၌ ဝန်ထမ်းအဖြစ် လုပ်ကိုင်ရင်း အလုပ်ကြိုးစားကာ ပိုက်ဆံစုခဲ့သည်။ စုထားသည့်ပိုက်ဆံများဖြင့် ၁၉၉၈ တွင် ကိုယ်ပိုင်ဆူရှီဆိုင်ဖွင့်လာနိုင်ခဲ့ပြီးနောက် သူ့ဆိုင်များ အောင်မြင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အမေရိကန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများကျဆင်း၍ ကုမ္ပဏီအများအပြား ဝန်ထမ်းလျှော့ချနေချိန်တွင် သူ့ကုမ္ပဏီမှာ အောင်မြင်ဆဲဖြစ်သည်။ ထို့ကြောင့် အမေရိကန်သမ္မတအိုဘားမားကပင် ခေါ်ယူတွေ့ဆုံခဲ့သည်။ ဦးဖိလစ်မောင်သည် အမေရိကန်နိုင်ငံတွင် Hissho Sushi နာမည်ဖြင့် ကုမ္ပဏီထူထောင်ပြီး နိုင်ငံအနှံ့အပြား ဆိုင်ခွဲများ ဖွင့်လှစ်ထားသည်။ လက်ရှိတွင် ဝန်ထမ်းပေါင်း ၁,၆၀၀ ခန့်အား အလုပ်ပေးထားနိုင်ပြီဖြစ်သည်။ ထို့ကြောင့် ရွှေ့ပြောင်းလုပ်သားတစ်ဦးက
အမေရိကန်နိုင်ငံတွင် ထင်ရှားသော ကုမ္ပဏီတစ်ခု ဖြစ်လာအောင် ကြိုးပမ်းခဲ့သည်များနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။



မေး- ရွှေ့ပြောင်းလုပ်သားဘဝကနေ အမေရိကန်နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ကျဆင်းနေတဲ့အချိန်မှာတောင် အစ်ကိုတို့ကုမ္ပဏီက စီးပွားရေးမကျဘဲ အောင်မြင်တဲ့ကုမ္ပဏီတစ်ခုဖြစ်အောင် ဘယ်လိုများဆောင်ရွက်ခဲ့ပါသလဲ။

ဖြေ- ကျွန်တော် အမေရိကကို ရောက်တာက ၁၉၈၉ မှာ ရောက်တယ်။ ဗမာတွေသိပ်မရှိဘူးဆိုတော့ အခက်အခဲတော့များတာပေါ့။ ကိုယ့်လက်ကိုယ့်ခြေပဲလုပ်ရတယ်။ သူငယ်ချင်းတစ်ယောက်ပဲရှိတယ်။ အမျိုးတွေလည်းမရှိတော့ နည်းနည်းတော့ ပိုပြီးရုန်းရတာပေါ့။ ရောက်တဲ့အချိန်မှာတော့ တတ်နိုင်သလောက် တစ်နေ့ကို အလုပ် ၁၆ နာရီလုပ်တယ်။ အလုပ်လုပ်နေတုန်းမှာလည်း စာကိုတော့ ရအောင်ဖတ်တာပေါ့နော်။ သူများနဲ့မီအောင်လုပ်ဖို့။ ကျွန်တော်တို့ထွက်လာတုန်းက ကွန်ပျူတာတောင်မမြင်ဖူးဘူး။ ဒီရောက်တော့ သူတို့နဲ့ပြိုင်ဖို့ဆိုတာ စာတွေအများကြီး ဖတ်ရတာပေါ့။ စစချင်းတော့ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်လေးတစ်ခုတော့ ရှိတာပေါ့နော်။ ကျွန်တော့်လူတွေတော်လို့လည်းပါတယ်။ ပထမ ၁၀ နှစ်လောက်တော့ တော်တော်လေး ပြင်းပြင်းထန်ထန် လုပ်ခဲ့ရတယ်။ ကုမ္ပဏီစထောင်ပြီး ၁၀ နှစ်မှာ အရင်းအနှီးကလည်း နည်းတယ်ဆိုတော့ ၁၀ နှစ်နောက်ပိုင်းမှာတော့ ကျွန်တော်စာအုပ်တစ်အုပ်ဖတ်မိပြီးမှ ကျွန်တော် Core Value စလုပ်ရမှန်း သဘောပေါက်လာတာပေါ့။ အရင်တုန်းကတော့ အလုပ်ခန့်မယ်ဆိုရင် မန်နေဂျာတစ်ယောက်တည်းက အလုပ်လာလျှောက်တဲ့လူရဲ့ လုပ်ရည်ကိုင်ရည်ကိုကြည့်ပြီး အလုပ်ခန့်တယ်။ နောက်ပိုင်းမှာတော့ HR (Human Resource)ဌာနက ထပ်လုပ်ပြီးမှ ခန့်တယ်။ ကျွန်တော်တို့ချထားတဲ့ Core Value နဲ့ ကိုက်ညီသလားပေါ့။ အဲဒီလိုကြည့်ပြီးမှ ခန့်တာပေါ့နော်။ ဆိုလိုတာက ဝန်ထမ်းတစ်ယောက်ခန့်မယ်ဆို အင်တာဗျူးနှစ်ခုဖြတ်ရတာပေါ့။ လုပ်ငန်းကကြီးလာချိန်မှာ ဝင်လာတဲ့လူကလည်း ၁,၆၀၀ ရှိလာတော့ အဓိက,က အကုန်လုံးနဲ့ အဆင်ပြေတဲ့လူဆိုရင်တော့ လုပ်ငန်းက ပိုပြီးအဆင်ပြေတာပေါ့။ အဲဒီသဘောပါ။

မေး- Core Value ဆိုတာကို နည်းနည်းအကျယ်ချဲ့ရှင်းပြပါလား။ နောက် အစ်ကိုတို့ကုမ္ပဏီမှာချထားတဲ့ Core Value တွေက ဘာတွေလဲ။

ဖြေ- Core Value ဆိုတာကတော့ Guidance Principle လို့လည်း ခေါ်ကြတယ်။ ကုမ္ပဏီတွေ၊ ကျောင်းတွေ၊ အဖွဲ့အစည်းတွေမှာ ရှိကြတယ်။ ကုမ္ပဏီတွေရဲ့ ရပ်တည်ချက်လို့ ခေါ်မလားမသိဘူး။ ဒီမှာရှိတဲ့ ကုမ္ပဏီတွေမှာ Core Value ကို ခံ့ခံ့ညားညားချိတ်ထားတာ ရှိတယ်။ တကယ်တမ်း လိုက်နာကျင့်သုံးတာတော့ နည်းတာပေါ့။ ပထမနှစ်တွေမှာတော့ Core Value ကို သိပ်စိတ်မဝင်စားခဲ့ဘူး။ ဒီလောက်အရေးကြီးမှန်းလည်း မသိခဲ့ဘူး။ နောက်ပိုင်းကျမှ တကယ်လိုက်နာကျင့်သုံးရင် လုပ်ငန်းလုပ်တဲ့နေရာမှာ ပိုပြီးချောမွေ့တယ်ဆိုတာ သိလာတယ်။ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတာ အဆင်ပြေမယ်။ အဲဒီလို ရည်ရွယ်ချက်တွေနဲ့ ပန်းတိုင်တစ်ခုကို အတူတူသွားမယ်ဆိုပြီး ကျွန်တော် ကုမ္ပဏီအတွက် Core Value ၁၁ ချက် သတ်မှတ်ထားတယ်။ အရေးကြီးဆုံးနဲ့ ပထမဆုံးက Customer Service (စားသုံးသူတွေအတွက် ဝန်ဆောင်မှု)။ Custormer Service ဆိုတာ Customer နဲ့ ကျွန်တော်တို့မှ မဟုတ်ဘူး။ ကျွန်တော်တို့ အချင်းချင်းမှာလည်း ကျွန်တော်တို့ ဆက်သွယ်တဲ့အချိန်မှာရော တစ်ယောက်နဲ့တစ်ယောက် မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် စွမ်းဆောင်ဖို့။ ဒုတိယအချက်ကတော့ ကိုယ်လည်း သူများဆီက အတုယူ၊ သူများကလည်း ကိုယ်ဆီက ကောင်းတဲ့အချက်တွေ အတုယူစေချင်တာပေါ့။ တတိယအချက်ကတော့ ကျွန်တော်တို့ရဲ့လူတွေကို တီထွင်ကြံဆတဲ့ အိုင်ဒီယာနဲ့ အပြောင်းအလဲကို လက်ခံတတ်ဖို့ ကုမ္ပဏီက ကြီးလာတဲ့အခါမှာ အပြောင်းအလဲတွေက အရမ်းမြန်လာတယ်။ မလိုက်နာရင် ကျန်ခဲ့မှာလေ။ စတုတ္ထအချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းနဲ့ ပြောဆိုဆက်ဆံဖို့။ ကျွန်တော့်ကုမ္ပဏီမှာ လာကြည့်လိုက်။ ကျွန်တော်တို့ရောင်းတာ ဘယ်လောက်ရှိတယ်ဆိုတာ ထိမ်ချန်ထားစရာမရှိဘူး။ နောက်တစ်ချက်က သူများကိုလည်း စာနာသနားရမယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း နှိမ့်ချထားမယ့်အချက်ပေါ့။ ကုမ္ပဏီကြီးလာတဲ့အချိန်မှာ မမောက်မာဖို့နဲ့ အလုပ်လည်းလုပ်၊ ပျော်လည်းပျော်ရမယ်။ သူများကိုလည်း လေးစားရမယ်။ စိတ်တိုတာတွေရှိရင် ကိုယ့်ဘာသာကိုယ် ထိန်းချုပ်ဖို့။ နောက်ဆုံးအချက်ကတော့ ကျွန်တော့်တို့အတွက်လည်း အရေးကြီးတယ်။ အခက်အခဲတွေကြုံလာတိုင်း မဖြစ်နိုင်ဘူးဆိုတာထက်စာရင် ဖြစ်နိုင်တဲ့နည်းလမ်းကို ရှာကြည့်မယ်။ အဲဒီလိုမျိုးတွေးဖို့ပေါ့။ ကျွန်တော်တို့ လူတစ်ယောက်ကို အလုပ်ခန့်ဖို့ အင်တာဗျူးလုပ်တဲ့အခါမှာ သူ့ရဲ့လုပ်ရည်ကိုင်ရည်ကို သဘောကျတယ်။ လုပ်ငန်းအတွေ့အကြုံလည်း ကြိုက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ HR ကနေ ကျွန်တော်တို့ Value နဲ့ မညီဘူး။ ဥပမာ မနှိမ့်ချတတ်ဘူး၊ စကားပြောရင် ကြီးကျယ်တယ်ဆိုရင် မခန့်တော့ဘူး။

မေး- အစ်ကိုပြောသွားတဲ့ အစ်ကို့ဘဝကို ပြောင်းလဲစေတဲ့ စာအုပ်အကြောင်း နည်းနည်းရှင်းပြပေးပါလား။

ဖြေ- စာရေးဆရာက Jim Collin ရဲ့ Good to Great စာအုပ်ပါ။ သူ့စာအုပ်တွေအကုန်လုံးက ၅ နှစ် ၁၀ နှစ် သုတေသနပြုပြီး ရေးထားတာ။ ကုမ္ပဏီတွေကိုသွားပြီး အချိန်ကုန်ခံပြီးမှ ရေးထားတာ။ ကုမ္ပဏီဘာကြောင့်ကျရှုံးလဲ။ အောင်မြင်တဲ့ကုမ္ပဏီတွေ ဘယ်လိုလုပ်လဲရေးထားတာ သူရေးထားတဲ့အချက်ထဲက ကျွန်တော် ခေါင်းထဲအမြဲရိုက်သွင်းထားတာကတော့ ကောင်းတဲ့ကုမ္ပဏီတိုင်း ကြီးကျယ်မြင့်မြတ်တာမဟုတ်ဘူး။ တချို့ကုမ္ပဏီတွေ၊ တော်တဲ့ကုမ္ပဏီ နံပါတ်တစ်ဖြစ်ဖို့ ဦးစားပေးကြတယ်။ တကယ့်ကြီးကျယ်မြင့်မြတ်တဲ့ကုမ္ပဏီကျတော့ ပိုက်ဆံတစ်ခုတည်းမဟုတ်ဘူး။ ကိုယ့်ဝန်ထမ်းတွေကိုလည်း ကြည့်ရမယ်။ ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုနိုင်တဲ့သူဖြစ်ရမယ်။ အဲဒီလိုရေးထားတာကို ဖတ်မိတဲ့ ကျွန်တော်အတွက် တကယ်အတုယူစရာဖြစ်တာပေါ့။

မေး- သမ္မတအိုဘားမားနဲ့တွေ့တဲ့အခါမှာကော ဘာတွေပြောဖြစ်ခဲ့လဲ။

ဖြေ- ဖိတ်တာကတော့ သမ္မတကတော်ရဲ့ အထူးဧည့်သည်အဖြစ်ပေါ့။ ငါးယောက်ကနေ ၁၀ ယောက်ကြားတော့ ရှိမယ်ထင်တယ်။ အဓိက,ကတော့ လုပ်ငန်းခွင်မှာ အသေးစားစီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ရှင်းပြချင်တာနဲ့ နိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်း အလုပ်ပေးထားတာက ကုမ္ပဏီကြီးတွေ မဟုတ်ဘူးဆိုတာနဲ့ အသေးစားလုပ်ငန်းရှင်တွေကသာ နိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို အလုပ်အကိုင်ပေးထားတဲ့ အကြောင်းနဲ့ အဓိကဂုဏ်ယူတဲ့အကြောင်းပဲ ပြောတာပေါ့။

မေး- မြန်မာပြည်ပြန်လာပြီး စီးပွားရေးလုပ်ဖို့ကော အစီအစဉ်ရှိလား။

ဖြေ- လောလောဆယ်တော့ ချက်ချင်းကြီးတော့ လုပ်ဖို့မရှိပါဘူး။ နောက်ပိုင်းဆိုရင်တော့ လုပ်ဖို့စိတ်ဝင်စားပါတယ်။ ပထမအချက်ကတော့ ဝေးနေတာကတစ်ကြောင်း၊ ဒုတိယအချက်အနေနဲ့ကတော့ ကျွန်တော် ဒီဘက်မှာကလည်း လုပ်ငန်းက အရမ်းအလုပ်များတဲ့အတွက်က တစ်ကြောင်းပေါ့။ ရေရှည်မှာတော့ စိတ်ဆန္ဒအမြဲရှိပါတယ်။

မေး- အစ်ကိုအပါအဝင် အမေရိကန်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာပြည်က ဘယ်လုပ်ငန်းတွေကို စိတ်ဝင်စားကြလဲ။

ဖြေ- ကျွန်တော်ထင်တာတော့ မြန်မာပြည်မှာလုပ်ငန်းတိုင်းကတော့ လိုအပ်နေမယ်ထင်တာပဲလေ။ ဒါပေမဲ့ အရေးကြီးဆုံးလုပ်ငန်းတွေကတော့ အခြေခံအဆောက်အအုံလုပ်ငန်းတွေ အင်မတန်အရေးကြီးမယ်လို့ ထင်တာပဲ။ နိုင်ငံတိုးတက်ဖို့ဆိုရင် အခြေခံအဆောက်အအုံတွေက အင်မတန်မှ အရေးကြီးမယ်လို့ထင်တာပဲ။ ပြီးတော့မှ ထုတ်လုပ်မှုနဲ့ဆိုင်တဲ့ လုပ်ငန်းတွေ နိုင်ငံကပွင့်သွားပြီဆို လူတွေအများကြီး ဝင်လာလိမ့်မယ်။ အဲဒီမှာ ခရီးသွားလုပ်ငန်းနဲ့ဆိုင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ အများကြီးထွက်လာမှာပေါ့။ စားသောက်ဆိုင်တို့၊ ဟိုတယ်တို့၊ ခရီးသွားလုပ်ငန်းတို့ လောလောဆယ်တော့ အမေရိကန်ကုမ္ပဏီတွေကတော့ သတိထားတဲ့အဆင့်မှာပဲ ရှိသေးတယ်။ အဓိက,ကတော့ ဥပဒေတွေနဲ့ပတ်သက်ပြီး သိချင်တယ်။ သေသေချာချာသိချင်တယ်။ ဥပမာ အရင်တစ်ခေါက် ၁၉၉၀ ကျော်ကဖြစ်ခဲ့သလို နိုင်ငံခြားကုမ္ပဏီတွေဝင်လာပြီးမှ ဥပဒေတွေက ပြောင်းတဲ့အတွက် အခက်အခဲတွေက ရှိခဲ့တာပေါ့နော်။ ဒုတိယအချက်အနေနဲ့က နောက်နှစ်မှာလုပ်မယ့် ရွေးကောက်ပွဲမှာ အပြောင်းအလဲ ဘယ်လိုရှိမလဲပေါ့။ အကုန်လုံးကတော့ သတိထားပြီး စောင့်ကြည့်နေကြတာဗျ။ အခုကတော့ ချက်ချင်းကြီးတော့ အကုန်လုံးလှိမ့်ပြီးဝင်ဖို့တော့ မရှိသေးဘူး။ အခုမှစပြီးလှမ်းတဲ့ သဘောပဲရှိတာပေါ့။ နှစ်ဖက်အခြေအနေအပြောင်းအလဲကိုပဲ ကြည့်နေကြတာပေါ့နော်။ နောက်နှစ် ဘာဖြစ်မလဲဆိုပြီး။

မေး- ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်လိုအခြေအနေမျိုးဖြစ်မှ လာပြီးရင်းနှီးမြှုပ်နှံကြမှာလဲ။

ဖြေ- ကောင်းတဲ့အပြောင်းအလဲဘက်ကို လူတိုင်းက စောင့်နေကြတာပေါ့။ အဓိက (၁)အချက်အနေနဲ့ ရှုပ်ရှုပ်ယှက်ယှက်မဖြစ်ဖို့။ (၂)အချက်အနေနဲ့ အေးအေးချမ်းချမ်းနဲ့ ကောင်းတဲ့အပြောင်းအလဲဘက်ကို ရောက်စေချင်တာပေါ့။ အဓိက,ကတော့ လွတ်လွတ်လပ်လပ်နဲ့ မျှမျှတတ ရွေးချယ်ခွင့်ပေးရင် ကောင်းတာပေါ့။ ဘယ်သူရရမယ် မဟုတ်ဘူး။ မျှမျှတတနဲ့ အကုန်လုံးကို လုပ်ခွင့်ပေးမယ်။ ပွင့်လင်းမြင်သာမှုရှိတယ်ဆိုရင်တော့ လူတွေလက်ခံမှာပါ။

မေး- မြန်မာ့စီးပွားရေးတိုးတက်ဖို့ဆို ဘာတွေလုပ်ဖို့လိုမယ်ထင်လဲ။

ဖြေ- အခြေခံအဆောက်အအုံကို အစိုးရက ကောင်းကောင်းလုပ်ပေးနိုင်မယ်။ ဆက်သွယ်ရေးတွေ မြန်လာမယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာမယ်။ ရေတွေ၊ မီးတွေ အလုံအလောက်ရလာမယ်။ ကျွမ်းကျင်ဝန်ထမ်းတွေ အများကြီးပျိုးထောင်ပေးရမယ်။ နောက်တစ်ခုက ဥပဒေခိုင်ခိုင်မာမာဖြစ်လာရမယ်။

မေး- မြန်မာပြည်အတွက် အစ်ကို့အနေနဲ့ ဘာများလုပ်ပေးချင်တာရှိလဲ။ တကယ်လို့ လုပ်ခွင့်ရမယ်ဆိုရင်။

ဖြေ- တစ်နေ့နေ့ တစ်ချိန်ချိန် မြန်မာပြည်ကိုပြန်လာပြီး တစ်ခုခုလုပ်ပေးချင်ပါတယ်။ လုပ်ငန်းတစ်ခုထူထောင်ပြီး အလုပ်အကိုင်တွေပေးတာတို့၊ ဖောင်ဒေးရှင်းတစ်ခုခုထူထောင်ပြီး တကယ်လုပ်နေတဲ့လူတွေနဲ့ပေါင်းပြီး လူမှုဖူလုံရေးအဖွဲ့တွေနဲ့ပေါင်းပြီး ဘယ်လိုလုပ်ပေးရမလဲ။ Vocation School တွေလုပ်ချင်တယ်။ လေးနှစ်ဘွဲ့ရသင်တန်းမျိုး မဟုတ်ဘူးပေါ့။ ခြောက်လ၊ တစ်နှစ်နဲ့ လုပ်ငန်းခွင်မှာ ကျွမ်းကျင်ဝန်ထမ်းတွေဖြစ်လာအောင် မွေးထုတ်ပေးတဲ့သင်တန်းတွေပေါ့။ နောက်လူတွေကို စာဖတ်ချင်လာအောင် ဘယ်လိုလုပ်ရမလဲ။ ဆိုလိုတာက စာကြည့်တိုက်ပဲဖြစ်ဖြစ်ပေါ့။ တစ်ခုခုတော့ ကိုယ့်စိတ်ထဲမှာတော့ လုပ်ပေးချင်တာပေါ့။ ဒါပေမဲ့ လုပ်လို့မှမရသေးတာ။

မေး- အခု အမေရိကမှာကော မြန်မာနိုင်ငံသားတွေအတွက် ဘာလုပ်ပေးထားလဲ။

ဖြေ- အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းလေးတစ်ခု ထောင်ထားတယ်။ ကျွန်တော်ရောက်ခါစကလို အခက်အခဲရှိရင်တောင် ကူညီမယ့်သူမရှိဘူးလေ။ အခုထောင်ထားတဲ့ ဖောင်ဒေးရှင်းကနေ အခက်အခဲရှိသူတွေကို ကူညီဖို့နဲ့ ပထမဆုံးရွှေ့ပြောင်းလုပ်သားအနေနဲ့ဝင်လာတဲ့ ကျွန်တော်တို့လူမျိုးတွေအတွက် နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ သားရေး၊ သမီးရေးအတွက် ကလေးတွေအတွက်ဆို စကောလားရှစ်တွေ စီစဉ်ထားပါတယ်။ သူတို့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေဖြစ်လာဖို့ ဘယ်လိုပံ့ပိုးပေးရမလဲပေါ့နော်။ အဲဒါတွေလည်း ပါတာပေါ့။

မေး- ကျွန်တော်ကတော့ မေးလို့ပြီးပါပြီ။ ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။

ဖြေ- မြန်မာပြည်က တကယ်ကြိုးစားချင်တဲ့ လူငယ်တွေအတွက်၊ တိုးတက်ချင်တဲ့လူငယ်အတွက်ပဲ ပြောချင်ပါတယ်။ နိုင်ငံက အခွင့်အရေးတွေပေါ်လာပြီ။ လွန်ခဲ့တဲ့ အနှစ် ၂၀-၃၀ နဲ့ မတူတော့ဘူးဆိုတော့ သူတို့ရဲ့အိပ်မက်တွေကို စပြီးအကောင်အထည်ဖော်လို့ရပြီ။ ကိုယ်လုပ်ချင်တဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့နဲ့ ဘယ်တော့မှအလျှော့မပေးဖို့။ တစ်ခါတည်းနဲ့ တန်းပြီးအောင်မြင်တဲ့လူဆိုတာ ရှိဖို့ခက်ခဲပါတယ်။ ခဏခဏ ပြုတ်ပြုတ်ကျမှာပဲလေ။ စိတ်ထဲမှာ လုပ်ချင်တယ်ဆိုရင် ရအောင်လုပ်ဖို့နဲ့ အခုချိန်က လူငယ်တွေတိုးတက်ချင်သူတွေအတွက် အကောင်းဆုံးပဲ။ မဖြစ်နိုင်ဘူးဆိုတာထက် ဘယ်လိုနည်းလမ်းရှာမလဲဆိုတဲ့ နည်းလမ်းရှာပါလို့။ ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment