Wednesday, September 17, 2014

ရထားလိုလူ ကားလိုလူ အရည်အသွေးပြည့်တဲ့သူ



Written by - နန္ဒ၀င်း (ဆေး-၁)

ကျွန်တော်တို့ ခရီးတွေထွက်ဖူးကြပါတယ်။ ရထား၊ ကား စသည်ဖြင့် ယာဉ်အမျိုးမျိုးကို စီးဖူးကြပါတယ်။ ခရီးကိုရောက်တာ ချင်းတူပေမယ့် အသုံးပြုတဲ့ယာဉ်အပေါ်မူ တည်ပြီး သွားရတဲ့လမ်းကြောင်း မတူကြ ပါဘူး။ အဲဒီလိုပဲ မောင်းနှင်တဲ့ပုံစံချင်းလည်း မတူကြပါဘူး။ ရထားမှာ နဂိုကတည်းက သတ်မှတ်ထားတဲ့လမ်းရှိတယ်။ မပြောင်းလဲတဲ့ပုံသေ လမ်းကြောင်းရှိတယ်။ သတ်မှတ် ထားတဲ့အရှိန်ရှိတယ်။ သတ်မှတ်ထားတဲ့ အချိန်ကာလ ရှိပါတယ်။ သတ်မှတ်ချက် အတွင်းက ချိန်ကိုက်လုပ်ဆောင်ရတဲ့အပြင် ပုံသေလမ်းကြောင်းအတိုင်း အရှိန်နဲ့သွား လာတတ်တဲ့အတွက် အကယ်၍ လမ်းကြောင်းပေါ်မှာ ရုတ်တရက်ကန့်လန့်ဖီလာ ရှိနေတဲ့ အတားအဆီးတွေ့ရင်လည်း တိုက်ဖြတ်သွားတတ်ကြပါတယ်။ ရထားတိုက်သွားလို့ အရေးယူခံရတဲ့ ရထားမောင်းတဲ့သူဆိုတာ မရှိခဲ့ပါဘူး။ ကားကျတော့ အဲဒီလိုမဟုတ် ပါဘူး။ သတ်မှတ်ထားတဲ့လမ်းပေါ်မှာ ကိုယ်လိုရာခရီးကို လမ်းဘေးမကျအောင် လမ်း ကြောင်းမှန်အတိုင်း ထိန်းကျောင်းမောင်းနှင်ရသလို တစ်ဖက်ကသော်လည်းကောင်း၊ ကိုယ်နဲ့ခရီးတူ သွားဖော်သွားဖက်ကသော် လည်းကောင်း

လမ်းကြောင်းမှားပြီးကိုယ့်ကို ဝင်တိုက်မယ့်ရန်ကိုလည်း ရှောင်တတ်ရပါ တယ်။ အမှန်စင်စစ် ကိုယ်ကိုယ်တိုင်က လမ်းကြောင်းမှန်ပြီး စည်းကမ်းဖျက်သူက လမ်းဖြတ်ကူးသူဖြစ်ပေမယ့်လည်း လူတိုက်မိရင် အရေးယူခံရ တတ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ လက်တွေ့ဘဝမှာ မြင်တွေ့နေရတဲ့ ကားနဲ့ရထား အကြောင်းပါပဲ။

တိုင်းပြည်တစ်ခုတိုးတက်ဖို့ အင်စတီကျူးရှင်းတွေ အင်အားတောင့်တင်းဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့မြန်မာပြည်မှာ ခေတ်အဆက်ဆက် အင်အားတောင့်တင်းတဲ့ အင်စတီကျူးရှင်းတွေ ရှိခဲ့ကြပါတယ်။ ကျောင်းသားထုအင်စတီကျူးရှင်း၊ လက် နက်ကိုင်အင်စတီကျူးရှင်း၊ ဝန်ထမ်းအင်စ တီကျူးရှင်းစသည့် နိုင်ငံရဲ့အရေးအရာတွေ ကို ပြောင်းလဲစေနိုင်တဲ့ အင်စတီကျူးရှင်း တွေမှာ ကျောင်းသားအင်စတီကျူးရှင်းက အင်အားကောင်းပေမယ့် ရုတ်ခြည်းတစ်ပွဲတိုး တွန်းအားတွေကောင်းပေမယ့် တည်ငြိမ်တဲ့ အင်စတီကျူးရှင်း မဖြစ်ခဲ့ပါဘူး။ ပညာသင်ယူမှုဟာ ကာလကန့်သတ်ချက် ရှိတာကြောင့် အပြောင်းအလဲများတဲ့ ကာလတိုကိစ္စများမှာ သာ အဆုံးအဖြတ်ပေးနိုင်တဲ့ အင်စတီကျူး ရှင်းတစ်ခုအဖြစ်သာရှိနေခဲ့ပါတယ်။နောက် ပိုင်းမှာ ပါတီအင်စတီကျူးရှင်းတွေဆိုပြီး ပေါ်ပေါက်လာပေမယ့် အင်အားသိသိသာ သာကောင်းမွန်လာဖို့ အချိန်ကာလတစ်ခု စောင့်ဖို့ လိုနေပါသေးတယ်။ ခေတ်စကား နဲ့ပြောရရင် နုနေပါသေးတယ်။ ကျွန်တော် တို့တိုင်းပြည်မှာ ကျွန်တော် သုံးသပ်မိသ လောက် နိုင်ငံအရေးကို အဓိကလုပ်ဆောင် နေရတဲ့ လွှမ်းမိုးမှုရှိတဲ့ အင်စတီကျူးရှင်းနှစ် ခုကတော့ ဝန်ထမ်းအင်စတီကျူးရှင်းနဲ့တပ် မတော်အင်စတီကျူးရှင်းတို့ပဲ ဖြစ်ကြပါလိမ့်မယ်။ လုပ်ငန်းသဘာဝ ပုံစံရပ်တည် ချက်အားလုံးကို စေ့ငုပြီး ခြုံငုံသုံးသပ်ကြည့် မယ်ဆိုရင် ကျွန်တော်ကတော့ အဲဒီ အင်စတီကျူးရှင်းနှစ်ရပ်ကို အစမှာဆိုခဲ့သလိုပါပဲ ရထားနဲ့ကားလို့ ခွဲခြားယူဆမိပါတယ်။ တပ်မတော်အင်စတီကျူးရှင်းရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်ချက်၊ မူချမှတ်မှုစတာတွေဟာ ရထားပမာပုံစံတူပြီး ဝန်ထမ်းအင်စတီကျူးရှင်းရဲ့ လက်ရှိရပ်တည် လုပ်ဆောင်နေရတဲ့မူဘောင်ဟာ ကားပမာပုံစံ တူနေပါတယ်။

လက်နက်ကိုင် အင်စတီကျူးရှင်း (တပ်မတော်) တွေဟာ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးစတဲ့ ပုံသေလမ်းကြောင်း တစ်ခုပေါ်မှာ အမိန့်ဆိုတဲ့အရှိန်တစ်ခုနဲ့ သတ်မှတ်ချိန်အတွင်းရောက်အောင် ရပ်ဆို တဲ့ ကြိုတင်သတ်မှတ်ချိန်မှာရပ်၊ သွားဆိုတဲ့ နေရာမှာသွား ဆောင်ရွက်တတ်ကြပါတယ်။ လုပ်ဆောင်နေတဲ့ လမ်းကြောင်းမှာတွေ့မယ့် အတိုက်အခံမှန်သမျှကိုလည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ရေးဆိုတဲ့ အဟုန်တစ်ခုတည်းနဲ့တင် တိုက်ဖျက်နင်းခြေသွားခွင့် ရှိခဲ့ကြပါတယ်။ တင်းတင်းကြောင်းကြောင်းမာမာ နေခွင့်ရှိကြပါတယ်။ ခံစားချက်ထက် တာဝန်နဲ့အမိန့်ကို အဓိကလိုက် နာကြရတာက အစဉ်အလာကောင်း တစ်ခုပါပဲ။ လုပ်ငန်းသဘောဘဘာဝအရလည်း ဒီလိုပဲဖြစ်သင့်ပါတယ်။

ဝန်ထမ်းအင်စတီကျူးရှင်းတွေကတော့ ပြည်သူ့အကျိုးဆိုတဲ့ မူဘောင်အ တွင်းမှာ ကျင့်ဝတ်ရယ် ခံစားချက်ရယ်ကို မျှဝေပြီး ဝန်ဆောင်မှုပေးနေရတဲ့ သူတွေဖြစ်ပါတယ်။ အများပြည်သူ အဆင်ပြေချောမွေ့ရေးဆိုတဲ့ လမ်းကြောင်းကနေ သွေဖည်မသွားအောင် ကျင့်ဝတ်နဲ့ ခံစားချက်ကို လီဘာနဲ့ ဘရိတ်ပမာချိန်ဆ အသုံးပြုရင်း ဝန်ဆောင်မှုကို နေရာဒေသအလိုက် အလျှော့အတင်းပေးပြီး ဆောင်ကြဉ်းပေးရ တတ်ပါတယ်။ ကိုယ်သည် မည်မျှပင်မှန်ကန်စေကာ မူ မိမိရည်ရွယ်ရာလမ်းကြောင်းအတိုင်း မောင်းနှင်ရင်း ကိုယ်နဲ့လမ်းကြောင်းတူသူ တွေထဲက အမှားအယွင်းလုပ်သူတွေ ဆန့်ကျင်ဘက်လမ်းကြောင်းက လမ်းမှားကာ လာတိုက်မယ့်သူတွေရဲ့ ရန်ကိုလည်း ရှောင် တတ်ရှားတတ်ရပါတယ်။ လမ်းမှား၍သော် လည်းကောင်း၊ မသိ၍သော်လည်းကောင်း ကိုယ့်ရှေ့တိုးဝင်လာတတ်တဲ့ ပြည်သူတချို့ ကိုလည်း မတိုက်မိအောင် သတိထားမောင်း နှင်တတ်ရပါတယ်။ ဒါကတော့ ဝန်ထမ်း အင်စတီကျူးရှင်းရဲ့ လုပ်ငန်းသဘောတွေ ပါပဲ။

ဆိုခဲ့တဲ့ သဘာဝမတူတဲ့အင်စတီကျူး ရှင်းတွေ လေ့ကျင့်သင်ကြားခဲ့ပုံချင်း မတူတဲ့ အင်စတီကျူးရှင်းတွေကို ရောမွှေလို့မရပါဘူး။ အမိန့်အတိုင်းလုပ် ရေဘူးပေါက် တာမလိုချင်ဘူး။ ရေပါတာပဲ လိုချင်တယ်။ ရည်ရွယ်ရာပန်းတိုင်ကို မရောက်ရောက် အောင်လုပ် မိမိရည်ရွယ်ရာကိုဆန့်ကျင်သူ သည် ရန်သူ ရန်သူကိုနေလိုမီးလိုကျင့်ဆို ပြီး လေ့ကျင့်သင်ကြားခံခဲ့ပြီး အသားသေ နေတဲ့ တပ်မတော်က ပိုလျှံအရာရှိများကို သွတ်သွင်းလိုက်ခြင်းဟာ ပြဿနာများစွာကို တစ်ပါတည်း ဆောင်ကျဉ်းလာတတ်ပါ တယ်။ ဝန်ထမ်းအင်စတီကျူးရှင်းတွေမှာ မိမိနှင့်ဆန့်ကျင်တိုင်း ရန်သူမဟုတ်သလို မိမိနှင့် ရည်ရွယ်ရာတူတိုင်းလည်း ကျောချင်း ကပ်ရင်ချင်းအပ်ခွင့်မရှိပါဘူး။ ဆန့်ကျင်ဘက် ကအားကို ယူသင့်ယူရတတ်သလို အတူတူ ချင်းကို ခပ်ခွာခွာနေသင့်လည်း နေရတတ်ပါတယ်။ ဒီဘက်က ခံယူချက်ကို လျင်လျင်မြန်မြန် ပြောင်းလဲကျင့်သုံးတတ်တဲ့ အရာရှိ တွေရှိတတ်သလို တစ်သက်လုံးအသားသေ လာ တဲ့အတိုင်း တထစ်ချ တစ်လမ်းထိုးဆောင် ရွက်တတ်တဲ့အရာရှိတွေလည်း အများအ ပြားပါပဲ။ ခံယူချက်မပြောင်းနိုင်တဲ့အရာရှိ တွေများလာရင်တော့ လုပ်ငန်းတွေအောင် မြင်မှုကျဆင်းလာပါတော့တယ်။ သေချာစွာ စစ်တမ်းကောက်ကြည့်မှု မရှိသေးပေမယ့် ကျွန်တော်ခံယူမိသလောက် ကျွန်တော်တို့ နိုင်ငံရဲ့ အဓိကမအောင်မြင်ရခြင်းအကြောင်း အရင်းက Policy ရော Resource ရောရဲ့ အပြစ်မဟုတ်ဘဲ တလွဲစီမံမှုရဲ့ Mismanagement အပြစ်တွေသာ ဖြစ်တယ်လို့ ယုံကြည်မိနေပါတယ်။

ဒီလိုဆိုလိုက်လို့ တပ်မတော်သားတွေ ကိုမုန်းတီးစွာ အပြစ်ပြောနေတယ်လို့ မထင်စေချင်ပါဘူး။ ကျွန်တော့်ခံယူချက်အရ တပ်မတော်၊ ပါတီ၊ ဝန်ထမ်း၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားအားလုံးဟာ ပြည် သူတွေကပေါက်ဖွားလာတဲ့ ပြည်သူရဲ့သား သမီးတွေဖြစ်လို့ အားလုံးအတူတူပါပဲ။ ကျွန် တော်ဝေဖန်နေတာ စနစ်ကိုသာဖြစ်ပါတယ်။ နောက်တစ်ချက်က တပ်မတော်မှအရာရှိများ အရပ်ဘက်မလာရလို့လည်း တစ်ဖက်သတ် ငြင်းဆန်နေတာလည်း မဟုတ်ပါဘူး။ Right person for the right placeကိုလိုချင်တာ ပါ။ လူမှန်နေရာမှန်ပေါ့။ ရာထူးအားလုံးအ တွက် အခြေခံလိုအပ်ချက်တွေ စံအဖြစ်သတ် မှတ်လိုက်ပါ။ အဲဒီစံနဲ့ကိုက်မယ်ဆိုရင် တပ်ကပဲလာလာ အရပ်ကပဲလာလာ လက်ခံမယ်လို့ တင်ပြချင်တာပါ။ ကျွန်တော်က ဆရာဝန်ဖြစ်လို့ ဆရာဝန်လောကနဲ့ ဥပမာပြောရမယ်ဆိုလျှင် တိုက်နယ်ဆရာဝန်ရာ ထူးနဲ့ပြောပါရစေ။ တိုက်နယ်ဆရာဝန်ဆိုတာ ကျေးလက်ဒေသမှာ တစ်ဦးတည်းဆရာ။ အလုပ်သမားအဖွဲ့တွေကိုဦးဆောင်ပြီး မိမိ ဆုံးဖြတ်ချက်နဲ့ အချိန်ကိုက် ပြည်သူ့ကျန်း မာရေးကို စီမံခန့်ခွဲရသူ တစ်ယောက်ဖြစ်ပါတယ်။ တိုက်နယ်ဆရာဝန်တစ်ယောက် ဖြစ်ဖို့ အရေးပေါ်ဌာနတစ်ခုမှာ ဘယ်နှနာရီ တာဝန်ကျဖူးရမယ်။ ခွဲစိတ်မှု မည်မျှကို ကူညီခွဲဖူးကာ မည်မျှကို ကွပ်ကဲမှုအောက်မှာ ခွဲဖူးရမယ်။ သဘာဝဘေးအန္တရာယ် စီမံခန့် ခွဲမှု အရေးပေါ် အစုလိုက်အပြုံလိုက် ထိခိုက်ဒဏ်ရာလူနာများပြုစုမှု အတွေ့အကြုံ သို့မဟုတ် သင်တန်းတွေတက်ဖူးရမယ် စသည်ဖြင့် အခြေခံသတ်မှတ်ချက်စံတွေ သတ်မှတ် ထားပြီးမှ တပ် အရပ်မရွေး ကိုက်ညီသူတွေကို တာဝန်ပေးစေချင်တာပါ။

တိုင်းပြည်တကယ်တိုးတက်စေချင်ရင် ဝန်ထမ်းဆိုတဲ့ အင်စတီကျူးရှင်းက အဓိက အားကောင်းနေမှဖြစ်မှာပါ။ မည်သည့်အစိုး ရတက်သည်ဖြစ်စေ ဝန်ထမ်းဆိုတာက ကျောရိုးပမာ ခိုင်ခိုင်မာမာ အစိုးရဆိုတဲ့ ခေါင်းကိုတည်ငြိမ်အောင် တောင့်ပေးထားဖို့ လိုပါတယ်။ ဝန်ထမ်းအင်စတီကျူးရှင်းကို ပိုလျှံပစ္စည်းသိမ်းတဲ့ စတိုခန်းလို (အမှိုက်ပုံးလို) မသတ်မှတ်သင့်ပါဘူး။ အရည်အသွေးမြင့်၊ အရည်အသွေးပြည့်သူတွေနဲ့သာ အားကောင်းစေရန် ဆောင်ရွက်ပေးစေလိုပါတယ်။

သမိုင်းတောက်လျှောက်ကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့တွေ အငိုတော်တော့်ကို လွယ်ခဲ့ကြပြီး အရှိုက်ကျမှ ဆို့နင့်နင့်ကြီးဖြစ်ခဲ့ကြတာ များလှပါပြီ။ မပြုံးဘဲ ဝါးလုံးကွဲ ရယ်ချင်လှပါပြီဗျာ။

No comments:

Post a Comment