Friday, September 12, 2014

ဆိုကြမယ် ပျော်ကြမယ် လွှတ်တော် ဖြစ်နေပြီဟု ဦးခင်အောင်မြင့်ပြော

Written by  မောင်သင်တုန်း၊ အောင်သူရထွန်း

နေပြည်တော် (မဇ္ဈိမ)။ ။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ခါတော်မီကုမ္ပဏီများကြောင့် လွှတ်တော်က “ဆိုကြမယ် ပျော်ကြမယ်ဖြစ်နေပြီ” ဟု ၁၁ ကြိမ်မြောက် အမျိုးသားလွှတ်တော် အစည်းအဝေး ပထမနေ့တွင် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး ပြောကြားလိုက်သည်။
 “လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုတယ်။ ဆိုတယ်ဆိုတာက
လွှတ်တော်ထဲမှာ တောင်းဆိုလို့ရပြီ ကျောင်းတွေ ဆေးရုံတွေရပြီ။ ခါတော်မီ ကုမ္ပဏီတွေက ပျော်တာပဲ။ အဲ့ဒါကိုပြောတာ၊ ဆိုကြမယ် ပျော်ကြ မယ်ဆိုတာ” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။
ပညာရေးဝန်ကြီးဌာန၏ ဆောက်လုပ်ခွင့် ပြုလိုသည့် ကုမ္ပဏီများနှင့် ကန်ထရိုက် ရရှိသူများက စာသင်ကျောင်း ဆောက်လုပ်ရာတွင် စံချိန်စံညွှန်းမမီဘဲ အလွယ်တကူ ဆောက်လုပ်ပြီး အန္တရာယ်ရှိသည့်အတွက် ဆောက်လုပ်ခွင့်ရရှိသည့် ကုမ္ပဏီများကို စစ်ဆေးအရေးယူ ဆောင်ရွက်သွားရန်ရှိ မရှိ မေးမြန်းမှုနှင့် ပတ်သက်ပြီး ပြောကြားလိုက်ခြင်းဖြစ်သည်။
အစိုးရသစ်လက်ထက်မှာ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနကို ဘဏ္ဍာငွေအသုံးစရိတ်များ လေးငါးဆအထိ တိုးမြှင့် ခွင့်ပြုပေးထားပြီး အဆောက်အအုံ ဆောက်လုပ်ရန် ခွင့်ပြုသည့်အထဲတွင်အထက်ပါ ၀န်ကြီးဌာန နှစ်ခုအများဆုံး ရထားသည်ဟု ဥက္ကဋ္ဌက ဆက်ပြောသည်။
တိုင်းနှင့်ပြည်နယ် အစိုးရသည် ကန်ထရိုက်များ၊ ကုမ္ပဏီများကို စာချုပ်များချုပ်ဆိုသည့်အခါတွင် ခါတော်မီ ကုမ္ပဏီတွေ အများကြီးဖြစ်နေပြီး အချို့မှာ လွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင် ဆောက် လုပ်သည်များ လည်းရှိသည်ဟု ဆိုသည်။
“တချို့လည်း တိုင်းဒေသကြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ်တိုင်လုပ်တာတွေလည်း ရှိတယ်။ သူ့သားသမီးတွေ လုပ်တာရှိတယ်” ဟု ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဆက်ပြောသည်။
လိုအပ်ချက်များ ပြည့်စုံသွားသည့်အတွက် ဘတ်ဂျက်များ ထပ်မံမချပေးသည့် အချိန်တွင် အဆောက်အအုံများ ပြိုကျသွားသည့်အဖြစ်မျိုး ဖြစ်လာမည်ကို စိုးရိမ်ရသဖြင့် အထူးဂရုစိုက်ရန် ၀န်ကြီးဌာနများကို ပန်ကြားလိုသည်ဟု ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။

No comments:

Post a Comment