Friday, September 12, 2014

မျှော်လင့်ချက်ရောင်ခြည်တွေပေးနိုင်တဲ့ အရွေ့များ



(ဆောင်းပါးရှင် - ဟိန်းအောင်)

ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ရန်ကုန်မြို့မှာ နေထိုင်သူများရဲ့ မြို့ပြလူနေမှု ကုန်ကျစရိတ်များတွင် အမြန်ဆုံးနှုန်းဖြင့် မြင့်တက်ခဲ့တဲ့စရိတ်ဟာ ဘယ်အရာလို့ သင်ထင်ပါသလဲ။ သင့်အဖို့ စဉ်းစားစရာတွေ ရှိနိုင်ပေမယ့် စေ့စေ့တွေးကြည့်ရင် မြို့ပြနေ လူအများစုရဲ့ခေါင်းကို လစဉ်ကိုက်ခဲစေတဲ့ အိမ်ငှားခစရိတ်ဆိုတာကြီးကို ပြေးမြင်မိပါလိမ့်မယ်။

အချိန်နဲ့ အိမ်ငှားခဟာ လူကိုမစောင့်

အချိန်နဲ့ ဒီရေဟာ လူကိုမစောင့်ဘူးဆိုတဲ့ စကားပုံလို အချိန်နဲ့အိမ်ငှားခဟာ လူကိုမစောင့်ဘူးလို့ ဆိုရလောက်အောင်ကို ယနေ့နဲ့မနက်ဖြန် မတူနိုင်အောင် ရန်ကုန်မြို့ရဲ့ အိမ်ငှားခနှုန်းထားတွေ ယနေ့မှာ ပြောင်းလဲမြင့်တက်လျက် ရှိပါတယ်။ အိမ်ငှားရမ်းခတွေ မြင့်တက်လာတဲ့အတွက် အိမ်ငှားနေရသူတွေရဲ့ ၀န်ထုပ်ဝန်ပိုးတွေဟာ ပိုကြီးလေးလာပြီး အများစုဟာ အိမ်ငှားခအလျင်မီပေးနိုင်ဖို့အတွက် အခက်အခဲတွေ ကြုံတွေ့နေကြရတယ်။ အိမ်ငှားခတွေ မြင့်တက်လာရာမှာ လက်ရှိအစိုးရ တာဝန်စယူခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က ပျမ်းမျှ ကျပ်သောင်းဂဏန်းသာရှိခဲ့တဲ့ တိုက်ခန်းငှားခတွေဟာ ယနေ့မှာတော့ ခြောက်လွှာ၊ ခုနစ်လွှာကဲ့သို့ အထပ်မြင့်တိုက်ခန်းများပင် ကျပ်သိန်းဂဏန်း ဈေးပေါက်လို့နေပါပြီ။ လူတစ်ကိုယ်နေစရာ အကျယ်အ၀န်းရှိတဲ့ အဆောင်ငှားခဟာလည်း ယခင်ကျပ်ထောင်ဂဏန်းကနေ ကျပ်သောင်းဂဏန်းအထိ ရှိလာပါပြီ။ အိမ်ငှားခနှုန်း မြင့်တက်မှုတွေဟာ ယခုနှစ်အတွင်းမှာ ပိုမိုမြင့်တက်ခဲ့ပြီး တိုက်ခန်းငှားခတွေဟာ စံချိန်တင်မြင့်တက်ခဲ့ရာ အများစုဟာ နေရေးအတွက် ငွေကြေးပိုမိုသုံးစွဲလာကြရတာ ဖြစ်ပါတယ်။ ယခုနှစ် ၀ါမ၀င်ခင်ကတော့ ရန်ကုန်မြို့က အိမ်ငှားခတွေဟာ တစ်ရက်နဲ့တစ်ရက်တောင် မတူဘဲ ဈေးမြင့်တက်သွားခဲ့တဲ့ အခြေအနေအထိ ရောက်ရှိခဲ့ရပါတယ်။

ကျူးကျော်ဖြစ်သွားသူတွေ

တိုက်ခန်းငှားခတွေ ဈေးတက်မြန်သွားရတဲ့ အကြောင်းရင်းကို လေ့လာကြည့်ရင် တိုက်ခန်းပေါက်ဈေးတွေ မြင့်တက်လာခြင်းက ငှားရမ်းခကို မြင့်တက်စေတာဖြစ်သလို ငှားရမ်းလိုသူများနေတဲ့ အခြေအနေကြောင့်လည်း တိုက်ခန်းပိုင်ရှင်တွေက စိတ်ကြိုက်ဈေးခေါ်နေနိုင်တာပါ။ မြင့်တက်လာတဲ့ ငှားရမ်းခတွေဟာ မြို့လယ်တိုက်ခန်းက အစပြုလို့ ဆင်ခြေဖုံးဒေသများ၊ မြို့သစ်များမှာလည်း အိမ်ငှားရမ်းခနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။ မြင့်တက်လာတဲ့ အိမ်ငှားခတွေကို လက်လှမ်းမမီသူတွေကတော့ အလုပ်အကိုင်အများစု တည်ရှိရာ မြို့လယ်နဲ့အလှမ်းဝေးပြီး ငှားရမ်းခ အနည်းငယ်သက်သာတဲ့ နေရာများဆီသို့ ပြောင်းရွှေ့ငှားရမ်း နေထိုင်ကြရပါတယ်။ အိမ်ငှားခတွေ မြင့်တက်လာတဲ့အတွက် ၀င်ငွေအလယ်အလတ်ရှိတဲ့သူတွေဟာ ၀င်ငွေထဲက နေရေးစရိတ်အတွက် ပိုသုံးစွဲလာရပြီး ၀င်ငွေနည်းတဲ့ လက်လုပ်လက်စားအများစုကတော့ ယခင်ကလို အိမ်ခန်းကျဉ်းလေးတောင် ငှားမနေနိုင်တော့ဘဲ ကျူးကျော်ရပ်ကွက်တွေမှာ တဲထိုးပြီးနေလာကြတာကြောင့် ယနေ့ရန်ကုန်မြို့မှာ ကျူးကျော်ရပ်ကွက်တွေမှာ နေထိုင်သူအရေအတွက် တိုးလာခဲ့တာတွေ့ရတယ်။

ရှုံးခဲ့ရတဲ့အဆို

မြင့်တက်နေတဲ့ အိမ်ငှားခကြောင့် ငှားရမ်းခမတတ်နိုင်တဲ့ ရန်ကုန်မြို့မှာ နေထိုင်သူတွေအတွက် ဆောင်ရွက်ပေးနိုင်မယ့် အစီအစဉ်တစ်ရပ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်အတွင်း ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် န၀မပုံမှန်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဆိုတစ်ခု တင်သွင်းခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အဲဒီအဆိုကတော့ တိုင်းဒေသကြီးအတွင်းဆောင်ရွက်မယ့် လုပ်ငန်းအချို့အတွက် သက်ဆိုင်ရာဌာနများရဲ့ ဖြည့်စွက်ငွေ တောင်းခံငွေများထဲမှ ကျပ်ကိုးဘီလျံခန့်ကို ဘဏ္ဍာငွေလွှဲပြောင်းပြီး အိမ်ငှားခမတတ်နိုင်တဲ့ ၀င်ငွေနည်းမိသားစုများအတွက် တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ငှားရမ်းပေးရန် အဆိုဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်ရဲ့ကြော်ငြာဆိုင်းဘုတ် ထုတ်လုပ်တပ်ဆင်ခြင်း လုပ်ငန်းများအပါအ၀င် တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်ဖို့ ဖြည့်စွက်တောင်းခံထားတဲ့ ၃၉ ဒသမ ၁၈၇ ဘီလျံထဲမှ ငွေကျပ် ၉ ဘီလျံခန့်ကို အသုံးပြုပြီး တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ငှားရမ်းပေးဖို့ အဆိုမှာ ပါရှိခဲ့ပါတယ်။ သို့ပေမဲ့လည်း တင်သွင်းခဲ့တဲ့ အဆိုအပေါ် ရန်ကုန်မြို့တော်ဝန် ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီးတို့က ပြန်လည်ရှင်းလင်းခဲ့ပြီး အဆိုကို လွှတ်တော်ရဲ့အဆုံးအဖြတ် ရယူခဲ့ရာ အတိုက်အခံပါတီ အမတ်များသာ ထောက်ခံခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဝင် အများစုက ကန့်ကွက်ခဲ့သဖြင့် အဆိုရှုံးနိမ့်ခဲ့ရတယ်လို့ သတင်းတွေမှာ ပါရှိခဲ့ပါတယ်။

ငှားမယ့်စီမံကိန်း မရှိ

တကယ်တော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တန်ဖိုးနည်း၊ တန်ဖိုးမျှတ ခေါင်းစဉ်တပ်ထားတဲ့ အိမ်ရာစီမံကိန်းများကို ပုဂ္ဂလိကကုမ္ပဏီများသို့ ဆောက်လုပ်ရောင်းချ ခွင့်ပြုပေးလျက်ရှိနေပေမယ့် ၀င်ငွေနဲ့ဝယ်ယူဖို့ လက်လှမ်းမမီနိုင်တဲ့ ဈေးနှုန်းတွေဖြစ်နေတယ်လို့ အများစုက ဝေဖန်မှုတွေ ရှိနေချိန်မှာ ယခုလို တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ငှားရမ်းပေးဖို့ အဆိုဟာ အိမ်ငှားခ ၀န်ထုပ်ဝန်ပိုး ဖြစ်နေသူများအတွက် မျှော်လင့်ချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ သို့ပေမဲ့လည်း လွှတ်တော်မှာ အဆိုရှုံးနိမ့်ခဲ့တာကြောင့် အိမ်ငှားနေရသူများအတွက်တော့ ငှားရမ်းခမြင့် အိမ်ခန်းများနဲ့သာ ဆက်ပြီးနပန်းဆက်လုံးရဦးမှာပါ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းတွေမှာ အများပြည်သူအတွက် အိမ်ရာစီမံကိန်းများ ဖော်ဆောင်သွားမယ်လို့ မကြာခဏပြောကြားခဲ့ပြီး အလယ်အလတ်နဲ့ အောက်ခြေပြည်သူများအတွက် တန်ဖိုးနည်းနဲ့ တန်ဖိုးသင့်အိမ်ရာ စီမံကိန်းများ အကောင်အထည်ဖော်ပေးဖို့ ဆွေးနွေးမှုသတင်းများလည်း ထွက်ပေါ်ခဲ့သော်လည်း အိမ်ရာစီမံကိန်းများဟာ ဆောက်လုပ်ရောင်းချဖို့အတွက်သာ ရည်ရွယ်ထားတဲ့ စီမံကိန်းများဖြစ်ပြီး အငှားချဖို့ စီမံထားတဲ့ စီမံကိန်း တစ်ခုမှမပါဝင်သေးတာ တွေ့ရပါတယ်။ လက်ရှိတန်ဖိုးနည်းအိမ်ရာ စီမံကိန်း၊ တန်ဖိုးသင့်အိမ်ရာ စီမံကိန်း၊ တန်ဖိုးမျှတအိမ်ရာ စီမံကိန်း အစရှိသဖြင့် ခေါင်းစဉ်တွေနဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အိမ်ရာတိုက်ခန်းစီမံကိန်းတွေ ဆောက်လုပ်နေပြီး လူဦးရေတစ်သိန်းအထက်ရှိသော မြို့ကြီး ၅၆ မြို့မှာလည်း အိမ်ရာစီမံကိန်းများ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သက်ဆိုင်ရာက ပြောကြားချက်တွေရှိနေပေမယ့် ၀င်ငွေနည်းမိသားစုတွေ ငှားရမ်းနေနိုင်မယ့် စီမံကိန်းတွေ မပါဝင်သေးတာဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံတကာမှာလည်း နိုင်ငံတော်က အတိုင်းအတာတစ်ခုထိ မ,တည်ထည့်ဝင်မှုများများနဲ့ အိမ်ရာစီမံကိန်းများ တည်ဆောက်ပြီး နိုင်ငံသားများကို နှစ်ရှည်အရစ်ကျရောင်းချခြင်း၊ ငှားရမ်းပေးခြင်း အစီအစဉ်များကို ဆောင်ရွက်ပေးလေ့ရှိပါတယ်။ အထူးသဖြင့် ဒေသတွင်းနိုင်ငံများထက် လစာဝင်ငွေနည်းပါးနေတဲ့ မြန်မာနိုင်ငံသားများအတွက် အစိုးရရဲ့ အစီအစဉ်နဲ့ ဈေးသက်သာတဲ့ အိမ်ရာတိုက်ခန်းတွေ ငှားရမ်းခွင့်ရရှိဖို့အတွက် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် အိမ်ငှားခ၀န်ထုပ်ဝန်ပိုး ဖြစ်နေသူများအတွက် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ပေးဖို့အတွက် ပုဂ္ဂလိကကုမ္ပဏီများကို အိမ်ရာစီမံကိန်း ဆောက်လုပ်ရောင်းချခွင့်ကိုသာ ချပေးမနေဘဲ အိမ်ရာဆောက် ပြန်လည်ငှားရမ်းဆိုတဲ့ အစီအမံတွေကို လုပ်ပိုင်ခွင့်ရှိသူ အာဏာပိုင်တွေအနေနဲ့ စီစဉ်ဆောင်ရွက်ပေးသင့်ပါတယ်။ ဒါမှသာ ၀င်ငွေနည်း မိသားစုများ နေရေးအတွက် မပူရဘဲ အခြားကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ကဏ္ဍများမှာ တိုးတက်ရာတိုးတက်ကြောင်းကိုလည်း စိတ်ဖြောင့်ဖြောင့်ဖြင့် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ယနေ့ အစိုးရထိပ်တန်းခေါင်းဆောင်တွေ မကြာခဏပြောလေ့ရှိတဲ့ နိုင်ငံကိုပြောင်းလဲရာမှာ အခက်အခဲတွေ အများကြီးကြုံနိုင်တယ်ဆိုတာကို ပြည်သူတွေလည်း သိကြပါတယ်။ အဘက်ဘက်မှာ လိုအပ်ချက်တွေရှိနေတဲ့ နိုင်ငံမှာ နိုင်ငံသားများနဲ့ သက်ဆိုင်တဲ့ အရာအားလုံးကို အစိုးရက အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်မယ်လို့လည်း မမျှော်လင့်ထားကြပါဘူး။ သို့သော်လည်း သွားနေတဲ့ ပြောင်းလဲမှုအရွေ့များဟာ အများပြည်သူတွေအတွက် မှန်ကန်တဲ့ မျှော်လင့်ချက်ရောင်ခြည်တွေ ပေးနိုင်တဲ့အရွေ့များဖြစ်ဖို့တော့ လိုအပ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ပြောင်းလဲမှုများဟာ အများအတွက်မဟုတ်ဘဲ လူတစ်စုအတွက် အဖွဲ့အစည်းတစ်ခုအတွက်သာ အကျိုးများစေပြီး လူအများစုအပေါ် လွှမ်းခြုံမှုမရှိတဲ့ အစီအမံများသာ ဖြစ်နေရင်တော့ လူအများရဲ့ ယုံကြည်မှုကိုရဖို့ ခက်ခဲစေပါတယ်။ ဒီအတွက် အိမ်ရာစီမံကိန်းလို အများနဲ့သက်ဆိုင်တဲ့ စီမံကိန်းများချမှတ်ရာမှာ အားလုံးကိုလွှမ်းခြုံနိုင်တဲ့ အစီအမံများ ထည့်သွင်းဆောင်ရွက်ပေးသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment