Wednesday, September 17, 2014

ဆီးရီးယားစစ်တပ် တိုက်လေယာဉ် တစ်စီးကို IS အဖွဲ့ ပစ်ချ

Wednesday, September 17, 2014


Photo - Crashonline



အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွအဖွဲ့၏ တိုက်ခိုက်ရေးသမားများက ဆီးရီးယားလေတပ်မှ တိုက်လေယာဉ် တစ်စီးကို ပစ်ချလိုက်ကြောင်း သတင်းရရှိသည်။

လေယာဉ်ပစ် စက်သေနတ်များကို အသုံးပြုကာ တိုက်လေယာဉ် တစ်စီးကို စက်တင်ဘာ (၁၆)ရက်က ပစ်ချလိုက်ခြင်းဟု IS က ကြေညာသည်။ ISIS ဆိုသော အမည်မှ ပြောင်းလဲပြီး အစ္စလာမ်မစ် နိုင်ငံတော် အနေဖြင့် သတ်မှတ် ထူထောင်ပြီးနောက်ပိုင်း IS က ပထမဆုံးအကြိမ်အဖြစ် လေယာဉ်တစ်စီးကို ပစ်ချလိုက်ခြင်း ဖြစ်သည်။

IS အဖွဲ့သည် ဆီးရီးယား အစိုးရကို တော်လှန်ရင်း အင်အားကြီးထွားလာကာ ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေအများအပြားကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ ၎င်းတို့ကို ဆီးရီးယား အစိုးရကရော၊ အမေရိကန်ကပါ လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ပစ်ချခံရသည့် ဆီးရီးယား တိုက်လေယာဉ်သည် ဒမက်စကက်စ်မြို့တော် အရှေ့မြောက်ဘက် ကီလိုမီတာ (၄၀၀)မျှအကွာ၊ ISတို့ အင်အားကြီးမားစွာ တပ်စွဲထားသည့် ရက်ကာမြို့ပြင်သို့ ပျက်ကျခဲ့ကြောင်း သိရသည်။ လေယာဉ်ပျက်ကျမှုသည် မိမိတို့ ပစ်ချခဲ့၍ဖြစ်ကြောင်း IS တို့က အခိုင်အမာ ဆိုသည်။

မြောက်ပိုင်းဒေသ တူရကီနှင့် နယ်စပ်အနီးတွင်မူ IS တို့သည် ကာဒစ်ရှ် တိုက်ခိုက်ရေးသမားများနှင့်
တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။ ကာဒစ်ရှ်မြို့ တစ်မြို့ဖြစ်သည့် ကိုဘာနီကို IS တပ်ဖွဲ့က လပေါင်းများစွာ တိုက်ခိုက်နေပြီး ကာဒစ်ရှ်တို့က ခုခံတွန်းလှန်လျက် ရှိသည်။

ဆီးရီးယားက IS တို့ကို လေကြောင်းမှ တိုက်ခိုက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်ကို ကမ်းလှမ်းခဲ့သော်လည်း အိမ်ဖြူတော်က ဆီးရီးယား သမ္မတ ဘာရှာအာဆက်ဒ်နှင့် မည်သည့် လက်တွဲမှုမျှ လုပ်ဆောင်မည် မဟုတ်ဟု ကြေညာထားသည်။

_Ref: Reuters

No comments:

Post a Comment