Tuesday, September 16, 2014

ဆီးရီးယားတွင် IS တို့ကို လေကြောင်းထိုးစစ် ဆင်နွှဲနေချိန်၌ လက်ရှောင်နေရန် အာဆက်ဒ်ကို အမေရိကန် သတိပေး

ဆီးရီးယားစစ်တပ်မှ စစ်သည်အချို့
အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို လေကြောင်းမှ ထိုးစစ်ဆင်နေသည့် အမေရိကန် လေယာဉ်များကို ပစ်မှတ်ထား တိုက်ခိုက်လာပါက ဆီးရီးယား၏ စစ်သုံးလက်နက်များကို တုံ့ပြန် ဖျက်ဆီးပစ်မည်ဟု ဆီးရီးယား သမ္မတ ဘာရှာအာဆက်ဒ်ကို ရည်ရွယ်ပြီး အမေရိကန်က သတိပေးလိုက်သည်။
အမေရိကန်သမ္မတ ဘာရတ်အိုဘားမားက IS တို့ကို အီရတ်တွင်သာမက ဆီးရီးယား ပိုင်နက်အတွင်းတွင်ပါ ဗုံးကြဲ တိုက်ခိုက်သွားမည်ဟု ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ထုတ်ဖော် ပြောကြားခဲ့သည်။ အကယ်၍ IS
အဖွဲ့ကို တိုက်ခိုက်နေသည့် အမေရိကန် တိုက်လေယာဉ်များကို ဆီးရီးယားစစ်တပ်က ကြားဝင် ပစ်ခတ်ခဲ့မည် ဆိုပါက ၎င်းတို့၏ လေယာဉ်ပစ် လက်နက်များ ဖျက်ဆီးခံရလိမ့်မည်ဟု အမေရိကန် စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
ဝါရှင်တန်ရှိ အမည်ထုတ်ဖော် ပြောဆိုခြင်း မရှိသည့် အဆိုပါ အရာရှိက အမေရိကန် တိုက်လေယာဉ်များသည် ဆီးရီးယားစစ်တပ်၏ လေယာဉ်ပစ် လက်နက်များ ထားရှိသည့် နေရာများကို သိရှိထားပြီးဖြစ်ကြောင်း၊ အကယ်၍ ဆီးရီးယား စစ်တပ်ကသာ အမေရိကန် တိုက်လေယာဉ်များကို ရန်လိုပစ်ခတ်ခဲ့ပါက မိမိကိုယ်ကိုယ် ကာကွယ်သည့် အနေဖြင့် တုံ့ပြန်မည်သာဖြစ်ကြောင်း ဆိုသည်။ IS အဖွဲ့သည် အာဆက်ဒ်ကို တော်လှန်ပုန်ကန်ရင်း အင်အားတောင့်တင်းလာကာ ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေ အများအပြားကို ထိန်းသိမ်းထားသည့် စစ်သွေးကြွများ ဖြစ်ကြသည်။
အိုဘားမားသည် IS တို့ကို ဘုံရန်သူသဖွယ် တိုက်ခိုက်နေသည့်တိုင် အာဆက်ဒ်၏ တပ်ဖွဲ့များနှင့် ပူးပေါင်းရန် အဆိုကို ငြင်းဆန်ထားပြီး ဖြစ်သည်။ အမေရိကန်သည် မဟာမိတ်နိုင်ငံ အများအပြား၏ ထောက်ပံ့မှုကို ရယူမည် ဖြစ်သော်လည်း IS တို့ကို တိုက်ခိုက်ချိန်တွင် ဆီးရီးယားနှင့် သီးခြားစီသာ လှုပ်ရှားမည်ဟု အခိုင်အမာ ရပ်တည် ဆုံးဖြတ်ထားသည်။ အမေရိကန် အစိုးရ အနေဖြင့် အာဆက်ဒ်သည် ဆီးရီးယား ပြည်သူများကို ဖိနှိပ်စစ်ပြုကာ ပြည်တွင်းစစ်ကို စတင်ဖန်တီးသည့် စစ်ရာဇဝတ်သားတစ်ဦးသဖွယ် ရှုမြင်ထားဆဲ ဖြစ်ပြီး အာဆက်ဒ်အနေဖြင့် အာဏာစွန့်သင့်ကြောင်း အစဉ်တစိုက် မှတ်ချက်ပြု ပြောကြားထားသည်။
_Ref: Channelnewsasia

No comments:

Post a Comment