Friday, September 12, 2014

မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများကို ပြည်သူအကျိုးပြုကာ လူမှုရေးတာဝန်ကျေအောင် လမ်းညွှန်မည်ဟု တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီးပြော

Written by  တင်ဇာအောင်

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင်ရှိသော တရုတ်ကုမ္ပဏီများကို ပြည်သူအကျိုးပြုပြီး လူမှုရေး တာဝန်ကျေအောင် ဆောင်ရွက်ရန် လမ်းညွှန်မည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာ ဝမ်ကျားလွေ့က စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားလိုက်သည်။

မစ္စတာ ၀မ်ကျားလွေ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သော နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲ၌ ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
Wan-ker-loy
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ (တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး) မစ္စတာ ဝမ်ကျားလွေ့ တို့နှင့် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီအချို့၏ တာဝန်ရှိသူများ တွေ့ဆုံပွဲကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ၁၀၁၄ ခုနှစ် စက်တင်ဘာလ ၁၂ ရက် ညပိုင်းက ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)  နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ (တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး) မစ္စတာ ဝမ်ကျားလွေက လူမှုရေးတာဝန်ကျေအောင် လမ်းညွှန်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
မစ္စတာ ဝမ်ကျားလွေ့သည် သူ၏ မိန့်ခွန်းတွင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံနေသည့် တရုတ်ကုမ္ပဏီများနှင့်
ပတ်သက်၍ နှစ်ကြိမ်၊
သုံးကြိမ်ခန့် ထည့်သွင်းပြောကြားခဲ့ပြီး “အကယ်၍ အချို့ကုမ္ပဏီများသည် ရေတို ကိုယ်ကျိုးကိုသာ တစ်ဘက်သတ် ကြည့်ပြီး လူမှုရေး တာဝန် ပျက်ကွက်ကာ ကျွန်တော်တို့ မူရင်းမျှော်လင့်ချက်နှင့် ပြောင်းပြန်ဖြစ်သောလုပ်ရပ် ဆောင်ရွက်နေသည်ကို တွေ့ရှိပါက ကျွန်တော်တို့ ချက်ချင်း ပြုပြင်လိမ့်မည်၊ ဆောင်ရွက်မှု မှန်ကန်အောင် ညွှန်ကြားပါမည်" ဟုလည်း ထည့်သွင်း ပြောကြားသည်။
၎င်းက ဆက်လက်၍ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် တစ်ဖက်နိုင် တစ်ဖက်ရှုံး၊ အကျိုးအမြတ် တစ်ဘက်သတ် ထုတ်ယူခြင်းများကို ရှောင်ရှားပြီး အပြန်အလှန် အကျိုးရှိရှိ အတူတကွ အနိုင်ရမှသာ ပူးပေါင်းဆောင်ရွက်မှု ရေရှည် တည်မြဲနိုင်မည်ဟုလည်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ အနေဖြင့်လည်း  တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ထိထိမိမိ လုပ်ဆောင်နိုင်ရန် အထောက်အကူပေးမှုများကိုလည်း ကြိုဆိုပါသည်ဟု ဆိုလိုက်သည်။
မစ္စတာ ဝမ်ကျားလွေ့၏ မိန့်ခွန်းတွင် တရုတ်နှင့် မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ၌ ပြဿနာများ မကြာခဏ ဖြစ်ပွားတတ်သော်လည်း ယင်းပြဿနာများသည် နှစ်နိုင်ငံ ဆက်ဆံရေး တစ်ခုလုံးကို ကိုယ်စားပြု၍ မရဟုလည်း ထည့်သွင်း ပြောကြားသည်။
၎င်း၏ မိန့်ခွန်းတွင် “တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကဲ့သို့ အိမ်နီးချင်းကောင်းအပေါ် တန်ဖိုးမဖြတ်နိုင်သော ဥစ္စာဓန အဖြစ်
တန်ဖိုးထားပါသည်" ဟုလည်း ထည့်သွင်း ပြောကြားသည်။
မစ္စတာ ၀မ်ကျားလွေ့သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်လည်း စက်တင်ဘာ ၁၁ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့သေးသည်။
ပြည်ထောင်စု လွှတ်တော်၏ ဖိတ်ကြားချက်ဖြင့် ရောက်ရှိလာသော မစ္စတာ ၀မ်ကျားလွေ့၏ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံပွဲသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် အခြားပါတီဝင်များလည်း တက်ရောက်ကြသည်။
အဆိုပါပွဲသို့ တက်ရောက်လာသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြုပြင်
ပြောင်းလဲရေးနှင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှု စီစစ်ရေး ကော်မတီအဖွဲ့ဝင် ဦးသာဝင်းကလည်း မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါသည်ဟုလည်း ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ် ပါတီသည် နိုင်ငံပေါင်း ၁၈၅ နိုင်ငံမှ နိုင်ငံရေး ပါတီအဖွဲ့အစည်းပေါင်း ၈၀၀ ကျော်နှင့် ဆက်ဆံမှု ရှိသည်။
ပြီးခဲ့သည့် စစ်အစိုးရ လက်ထက်မှ စပြီး လက်ရှိ အချိန်ထိ မြန်မာနိုင်ငံတွင်ရင်းနှီးမြှပ်နှံမှု အများဆုံး နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်သည်။

No comments:

Post a Comment