Tuesday, September 16, 2014

ဆီးရီးယားဘက်ခြမ်း ဂိုလန်ကုန်းမြင့်မှ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များ ရုပ်သိမ်း

ဆီးရီးယားနိုင်ငံ ပိုင်နက်ရှိ ဂိုလန်ကုန်းပြင်မြင့် အစိတ်အပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေသဖြင့် ယင်းဒေသမှ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များ ဆုတ်ခွာတိမ်းရှောင်ခဲ့ကြောင်း သိရှိရသည်။
ဂိုလန်ကုန်းမြင့်ကို ခွဲခြမ်းထိန်းချုပ်ထားသည့် ဂိုလန်ကုန်းမြင့် နယ်နိမိတ် စစ်မဲ့ဇုန်တွင် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များကို တပ်စွဲထားစေခဲ့သည်။ သို့သော်လည်း ဆီးရီးယား အစိုးရနှင့် သူပုန်တပ်များကြား တိုက်ပွဲများ အရှိန်အဟုန် မြင့်တက်လာသည့်နောက် လုံခြုံရေးအရ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်များကို ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။
အပြာရောင် စစ်ခမောက်ဆောင်းသည့် တပ်ဖွဲ့များသည် အစ္စရေး ထိန်းချုပ်ထားသည့် ဂိုလန်ကုန်းမြင့်
အပိုင်းသို့ ဝင်ရောက်ခဲ့ကြောင်း ကုလသမဂ္ဂက ကြေညာသည်။ UNDOF ဟုလည်း ခေါ်ဝေါ်လေ့ရှိသည့် အဆိုပါ တပ်ဖွဲ့များသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်းက ဆီးရီးယား သူပုန်တပ်ဖွဲ့များနှင့် ပြဿနာများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ သူပုန်တပ်များသည် အယ်လ်ကိုင်ဒါ စစ်သွေးကြွများနှင့် ဆက်နွှယ်သည့် အဖွဲ့အစည်းများလည်း ဖြစ်သည်။
စက်တင်ဘာ (၁၅)ရက်ကမူ ဆီးရီးယားဘက်ခြမ်း၊ ဂိုလန်ကုန်းမြင့်ရှိ တပ်စခန်းမှ UNDOF တပ်ဖွဲ့ဝင်များ စတင်ဆုတ်ခွာ ရုပ်သိမ်းခဲ့သလို နောက်ထပ် ရက်အနည်းငယ်အတွင်း အခြားသော အခြေစိုက်စခန်းများကိုလည်း စွန့်ခွာဖြစ်ဖွယ် ရှိနေကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် စတီဖန် ဒူဂျာရစ်က ပြောကြားခဲ့သည်။ သံတမန်ရေးရာ အသိုက်အဝန်းနှင့် ဆက်နွယ်သူများ၏ အဆိုအရ နယ်ခြားသတ်မှတ်ထားသည့် ဒေသ၏ မြောက်ပိုင်းတွင် ဖြန့်ကျက်ထားသော စစ်စခန်းများကို ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်များက စွန့်ခွာခဲ့ခြင်းဟု သိရသည်။
ကုလသမဂ္ဂသည် (၁၉၇၃)ခုနှစ်၊ အစ္စရေး-အာရပ် စစ်ပွဲအပြီးကတည်းက ဂိုလန်ကုန်းမြင့်ရှိ အစ္စရေးနှင့် ဆီးရီးယား ပိုင်နက် နယ်ခြားဒေသတွင် စစ်မဲ့ဇုန် သတ်မှတ်ပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များကို စေလွှတ် စောင့်ကြည့်နေစေခြင်း ဖြစ်သည်။
_Ref: Reuters

No comments:

Post a Comment