Monday, September 15, 2014

ရန်ကုန်မြို့ပတ် မိုးပျံရထားစနစ် စီမံကိန်း ၂၀၁၅ ခုနှစ် စတင်ရန်စီစဉ်




ရန်ကုန်မြို့ပတ် မိုးပျံရထားစနစ် စီမံကိန်းအား ၂ဝ၁၅ ခုနှစ်တွင်စတင်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က Weekly Eleven ဂျာနယ်၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။

ရန်ကုန်မြို့၌ ပြေးဆွဲရန်စီစဉ်နေသည့် မိုးပျံရထားစနစ်မှာ မြို့ပတ်စနစ်ဖြစ်ပြီး ရထားလမ်းစီမံကိန်းနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် မိုးပျံရထားစနစ်တွင် အဆင့်မြင့်အဲကွန်းစနစ်များပါ ပါဝင်နိုင်မည်ဟု ဆိုသည်။

“မိုးပျံရထားစနစ် ၂ဝ၁၅ မှာစလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ မြို့ပတ်စနစ်ပါ။ အဲဒီအတွက် ညှိနှိုင်းမှုတွေ

လုပ်ဆောင်သွားပါမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ဆိုသည်။

ရန်ကုန်မြို့၌ ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ယင်းကိစ္စကို ရှောင်ကွင်းနိုင်မည့် ရထားပို့ဆောင်ရေးစနစ်ကို တိုးမြှင့်ရန်စီစဉ်နေခြင်းဖြစ်ပြီး မြို့ပတ်ရထားစနစ် တိုးမြှင့်မှုနှင့်အတူ မိုးပျံရထားစနစ်ကိုပါ လုပ်ဆောင်ရန်စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

မူလက ရန်ကုန်မြို့လယ် ဗဟိုဇုန်အား ပတ်၍ပြေးဆွဲမည့် မိုးပျံရထားစနစ်ကို ပြေးဆွဲရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် မြို့ပတ်ပြေးဆွဲမည့် မိုးပျံရထားစနစ်ကို အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းစနစ်အတွက် ဂျပန်၏ ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည်ဟု စုံစမ်းသိရရှိသည်။

တစ်ဖက်တွင်လည်း မိုးပျံရထားစနစ်အတွက် စီစဉ်နေခြင်းနှင့် အတူရှိပြီးသား မြို့ပတ်ရထားစနစ်ကိုလည်း အချိန်မှန်စေရန်နှင့် ပိုကောင်းမွန်သော ဝန်ဆောင်မှုများပေးကာ ခရီးသွားပြည်သူများအား ယုံကြည်မှုပေးနိုင်လည်း လိုအပ်နေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

လက်ရှိ ရန်ကုန်မြို့တော်တွင် ရထားစီးနင်း ခရီးသွားလာသူဦးရေ တစ်သိန်းကျော်အထိ မြင့်တက်လာပြီး လာမည့် ၂ဝ၂ဝ ပြည့်နှစ်တွင် ရထားစီးခရီးသွားဦးရေ သုံးသန်းအထိ ဖြစ်လာစေရန် ဂျပန်ကကူညီပေးမည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

No comments:

Post a Comment