Wednesday, August 27, 2014

ငြိမ်းချမ်းရေး ရောင်နီလွန်သော်




သြဂုတ် ၂၇ ရက်၊ ၂၀၁၄ ခုနှစ်

လက်ရှိအစိုးရ အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းများစွာအနက် အအောင်မြင်ဆုံးဟု ဆိုရမည့် ငြိမ်းချမ်းမှု တည်ဆောက်ရေး လုပ်ငန်းများသည် ယခု ၂၀၁၄ ခုနှစ်တွင် သိသာသော တိုးတက်မှုများ တွေ့မြင်ရခြင်း တစ်နည်းအားဖြင့် ငြိမ်းချမ်းရေး ရောင်နီသန်းလာခြင်းကို အထူးကြိုဆို အပ်ပေသည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်း အစိုးရ၊ နိုင်ငံရေးပါတီများ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်

တပ်ဖွဲ့များအကြား လေးပွင့်ဆိုင် ဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့သည့်အပြင် ယခင်က အပစ်အခတ်ရပ်စဲရေး စာချုပ်များတွင် ပါဝင် လက်မှတ်ရေးထိုးမည် မဟုတ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပမှသာ လက်မှတ် ရေးထိုးမည်ဟု ထုတ်ပြန်ကြေညာထားသည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP) နှင့် မိုင်းလားတပ်ဖွဲ့တို့က တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် လက်မှတ်ရေးထိုးရန် ဆုံးဖြတ်လိုက်ခြင်းတို့မှာ အထူးခြားဆုံး တိုးတက်မှုများ ဖြစ်သည်။

ယမန်နေ့က နိုင်ငံတော်သမ္မတ၊ တပ်မတာ် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် အဆိုပါ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ မိုင်းလားတပ်ဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ နေပြည်တော်တွင် တွေ့ဆုံပြီးနောက် ထိုသို့ လက်မှတ်ရေးထိုးရန် ဆုံးဖြတ်လိုက်ခြင်းမှာလည်း ကြီးမားသော အကျိုးရလဒ်ဟု ဆိုနိုင်သည်။

ထိုသို့သဘောတူရခြင်း၏ အဓိကအချက်မှာ နှစ်ဖက်အကြား မျက်နှာချင်းဆိုင် တွေ့ဆုံ၊ ဆွေးနွေး၊ ညှိနှိုင်း၊ အဖြေရှာကာ အပြန်အလှန် နားလည်မှုရရှိပြီး နိုင်ငံရေးသဘောအရ အပေးအယူ၊ အလျှော့အတင်း လုပ်နိုင်ခြင်းကြောင့် ဖြစ်သည်။

နှစ်ဖက်အကြား ထင်ရှားသည့် အပေးအယူ၊ အလျှော့အတင်းများမှာ အစိုးရနှင့် တပ်မတော်တို့က အစဉ်တစိုက် ခိုင်မာစွာ ရပ်တည်ထားသည့် ဒို့တာဝန်အရေးသုံးပါးကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက သဘောတူခြင်းနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ရပ်ခံထားသည့် ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို အစိုးရနှင့် တပ်မတော်တို့က လက်ခံလိုက်ခြင်းတို့ ဖြစ်သည်။

ပြည်တွင်းစစ်များ ဖြစ်ပွားနေခြင်းသည် နိုင်ငံတစ်ခု တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြီးမားဆုံးနှင့် အဓိကအကျဆုံး အဟန့်အတားဖြစ်ရာ ယခုဖြစ်ပေါ်လာသော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများသည် နောက်တစ်ဆင့် တက်လှမ်းရမည့် ငြိမ်းချမ်းမှု တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လှေကားထစ်များအတွက် ခိုင်မာအားကောင်းသော ခြေလှမ်းတစ်ရပ်ဟု ဆိုနိုင်သည်။

နှစ်ပေါင်း ၆၀ နီးပါး တစ်ဖက်နှင့်တစ်ဖက် လက်နက်ကိုင် တိုက်ခိုက်လာကြသော အင်အားစုနှစ်ခု အကြားတွင်ပင် ယခုကဲ့သို့ ဘုံသဘောတူညီမှုတစ်ခု ရရှိစေနိုင်ပါက မြန်မာ့နိုင်ငံရေး၏ အဓိက အင်အားစု ခေါင်းဆောင်များအကြား လိပ်ခဲတည်းလည်း ဖြစ်နေသော သဘောထားကွဲလွဲမှု၊ နားလည်မှုအလွဲ၊ သီးခြား အဓိပ္ပာယ်ကောက်ယူမှု၊ အမြင်ခြားနားမှု များကိုလည်း မျက်နှာချင်းဆိုင် တွေ့ဆုံကာ ကွယ်ဝှက်မှုမရှိ ပွင့်လင်းရိုးဖြောင့်စွာ ဆွေးနွေးအဖြေရှာခြင်းဖြင့် အနိမ့်ဆုံးအားဖြင့် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ သဘောတူညီချက်တစ်ရပ် ရရှိလာဖွယ်ရှိမည် သို့မဟုတ် အပြန်အလှန် နားလည်မှု ရောင်နီသန်းလာလိမ့်မည်ဟု ယုံကြည်အပ်ပေသည်။

The Voice Weekly

No comments:

Post a Comment