Thursday, August 28, 2014

ဇာတ်လမ်းတွေထဲ အမြဲဆင်းရဲခဲ့သူ

By

လှပသွက်လက်နေဆဲ အသက်(၉၀)ကျော် ဒေါ်အေးကြည် [ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)]
တဲအိမ်စုတ်လေးပေါ်က အမေအိုတစ်ယောက် ဆေးပေါ့လိပ်ကိုခဲရင်း လမ်းမသို့ငေး၍ တစ်စုံတစ်ဦးကို မျှော်နေသည်။ အိမ်ထောင်ပြုသွားပြီဖြစ်သော သားဖြစ်သူ ပြန်လာမည်လားဆိုသည့် စိတ်မှန်းနှင့် မျှော်နေခြင်းပင်ဖြစ်သည်။
သီတင်းကျွတ်ကာလကိုရောက်တိုင်း ရှိသည့်ပိုက်ဆံလေးဖြင့် သားဖြစ်သူကြိုက်သည့် မြန်မာမုန့်များလုပ်၍ မျှော်နေရသည်မှာ အမေအိုအတွက် တာဝန်တစ်ခုလိုပင် ဖြစ်နေခဲ့သည်။ ထိုမြင်ကွင်းက မြန်မာဇာတ်ကားများတွင် ပရိသတ်များ၏မျက်ရည်ကို ခြွေယူလေ့ရှိသည့် မိဘမေတ္တာဘွဲ့ဇာတ်ကားများမှ ဇာတ်ဝင်ခန်းဖြစ်သည်။

ဓာတ်ပုံ - ဇွဲဥာဏ်
ယင်းကဲ့သို့ သားဆိုး၊ သားမိုက်များ၏ အမေ၊ ဆင်းရဲသောအမေ၊ သနားစရာကောင်းသောအမေ ဇာတ်ရုပ်များဖြင့် ပရိသတ်မေတ္တာကို ရရှိနေသူတစ်ဦးရှိသည်။ သူမမှာ ရုပ်ရှင်ခေတ်ဦးကာလကတည်းက
သရုပ်ဆောင်အလုပ်ဖြင့် အသက်မွေးသူဖြစ်ကာ ဆင်းရဲသည့်ဇာတ်ရုပ်များနှင့်သာ တွေ့ရှိရသော ဒေါ်အေးကြည်ဖြစ်သည်။
‘‘အမေက ဆင်းရဲတဲ့အခန်းတွေ ရိုက်ရတာများတယ်။ ဗီဒီယိုခေတ်မှာလည်း ဆင်းရဲတာတို့၊ သနားစရာတို့ အဲဒါမျိုးတွေ ရိုက်ရတာများတယ်။ အလွမ်းများတယ်။ ခေတ်ဆန်ဆန်ကား သိပ်မရှိဘူး။ အများဆုံးက အိမ်ဖော်လုပ်ရတာများတယ်။ အိမ်ဖော်ဆိုပေမယ့် အရေးကြီးတဲ့နေရာက သရုပ်ဆောင်ရတယ်’’ဟု ဇာတ်ပို့အလုပ်ဖြင့် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီး ယခုအသက်(၉၁)နှစ်ရှိပြီဖြစ်သော ဒေါ်အေးကြည်ကပြောသည်။
အသက်ကိုးဆယ်ကျော်ပြီ ဖြစ်သော်လည်း ဒေါ်အေးကြည်က အသက်အရွယ်နှင့် မလိုက်ဖက်အောင် သန်ဆဲ၊ မြန်ဆဲဖြစ်သည်။ အသက်အရွယ်ကြောင့် ဗီဒီယိုဇာတ်ကားများ မရိုက်ဖြစ်သည်မှာ ငါးနှစ်ခန့်ရှိပြီဖြစ်ပြီး လုပ်ဖော်ကိုင်ဖက် ညီအစ်မများနှင့် ဖွဲ့စည်းထားသော အမေများအဖွဲ့နှင့် လက်တွဲကပြလာသည်မှာ နှစ်နှစ်ဆယ်ကျော်ပြီဟု ဒေါ်အေးကြည်ကပြောသည်။
‘‘အမေများအဖွဲ့ စင်ပေါ်တက်လာတာနဲ့ တချို့က အမေ့ကို မှတ်မိကြတယ်။ ဒီအဘွားကြီး သေပြီလို့ပဲထင်ကြတာ ရှိသေးတယ်။ ပြီးခဲ့တဲ့နှစ် စကိုင်းနက်မှာ ကတော့ အသက်ခြောက်ဆယ်လောက်ရှိတဲ့ ပရိသတ်တစ်ယောက်က အမေ့အတွက်ဆိုပြီး ငွေငါးသောင်း သီးသန့်လာကန်တော့သွားတယ်’’ဟု ပရိသတ်များက မှတ်မှတ်ရရရှိနေသေးသည့်အပေါ် ပီတိအပြည့်ဖြင့်ပြောပြသည်။
၁၉၄၈ လွတ်လပ်ရေးရပြီးစကာလများက အိမ်ထောင်ဖက်၏ အလုပ်ဖြစ်သော ရုပ်ရှင်ရိုက်ကွင်းများသို့ လိုက်ပါရင်း ဒါရိုက်တာများ၊ မင်းသမီးများ၏ တိုက်တွန်းမှုဖြင့် အနုပညာလောကထဲသို့ စတင်ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ရုပ်ရှင်လောကအတွင်းသို့ ၀င်ရောက်ရန် တိုက်တွန်းခဲ့သူများ၏ အမည်များကို အာပေါင်အာရင်းသန်သန်ဖြင့် မမေ့မလျော့ပြောပြသည်။
‘‘အမေ့အမျိုးသားက အေ၀မ်းမှာ အလုပ်လုပ်တာဆိုတော့ လိုက်လိုက်သွားရင်း ဒေါ်မေသစ်တို့၊ ဒေါ်မေနွဲ့တို့က အားနေတဲ့အတူတူ ၀င်ပြီးသရုပ်ဆောင်ပါလားဆိုတော့ စပြီးလုပ်ဖြစ်တာ’’ဟု ဆိုသည်။
ပထမဆုံးရိုက်ကူးသည့် ‘ဘုမသိဘမသိ’ ရာဇ၀င်ကား ရိုက်ကူးသည့်အချိန်က အပျိုတော်အဖြစ် သရုပ်ဆောင်ရန် ဗလာထဘီကို မ၀တ်တတ်သောကြောင့် မင်းသမီးများက ၀တ်ပေးခဲ့သလို ဆံပင်များ၊ မိတ်ကပ်များ ပြင်ဆင်ပေးခဲ့ကြောင်း ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့စဉ်က အတိတ်ပုံရိပ်များကို ပြောပြသည်။
လက်ဦးဆရာမှာ ဒေါ်မေနွဲ့ဖြစ်ပြီး အတူသရုပ်ဆောင်ခဲ့သည့် ဒေါ်ကြည်ကြည်ဌေး၊ ဒါရိုက်တာဦးသုခ၊ ဒါရိုက်တာဦးချင်းစိန်တို့မှာ ဆရာများဖြစ်သည်။ ဦးသုခရိုက်ကူးသည့် စကားပြောသောအသည်းနှလုံး ဇာတ်ကားတွင် ဒေါ်ကြည်ကြည်ဌေးနှင့် ရန်ဖြစ်သည့်အခန်းရိုက်ရန် ဒါရိုက်တာဦးသုခက ၎င်းကို ခြောက်လခန့်စောင့်၍ ရိုက်ကူးခဲ့ကြောင်း ဆရာဦးသုခနှင့်ပတ်သက်၍ အမှတ်တရတစ်ခုကို ပြောပြသည်။
‘‘အဖေကြီး (ဦးသုခ)က ဒီနေရာမှာ မအေးကြည်မှရမှာဆိုပြီး စောင့်ရိုက်တယ်။ နောက်ပြီး အမေ့ကိုလည်း အမြဲပြောတယ်။ ငါနဲ့ရိုက်ရင် အသပြာကိုမမက်နဲ့ ပညာကိုမက်တဲ့’’
ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်စဉ်အချိန်က ၀ါသနာပါသည်ဟု ပြော၍မရသော်လည်း ဒါရိုက်တာများ လိုချင်သည့်ပုံစံအတိုင်း သရုပ်ဆောင်နိုင်ခဲ့သောကြောင့် ရုပ်ရှင်လောကတွင် အေ၀မ်းမအေးကြည်ဆိုသည့် နေရာတစ်နေရာ ရလာခဲ့သည်။
‘‘စလုပ်တုန်းက တစ်နေ့ကို ဒေးလီးကြေး သုံးမတ်ပေးတယ်။ အမေက ခိုင်းတိုင်းလည်း လုပ်တာဆိုတော့ သဘောကျပြီး ကားတိုင်းပါတယ်။ အဲဒီတော့ မနားရဘူး။ သုံးမတ်ကနေ တစ်ကျပ်ခွဲ။ အဲဒီကနေ နှစ်ကျပ်ခွဲ။ အဲဒီကနေ ငါးကျပ်အထိရတယ်။ အဲဒီနောက် ဗြိတိသျှဘားမားက ၇၅ ကျပ်ပေးပြီး ခေါ်ရိုက်တယ်။ အဲဒီအချိန်တုန်းက အေ၀မ်းမအေးကြည်ဆိုရင် အကုန်လုံးသိတယ်။ မင်းသမီးတော့ မဟုတ်ဘူး။ ကားတွေတော့ အများကြီးရိုက်ရတယ်’’ဟု ၎င်းကပြောသည်။
ဇာတ်ကားများ ဆက်တိုက်ရိုက်ကူးနေရသောကြောင့် အိမ်မှာနေရသည့်အချိန်နည်းကာ သားဖြစ်သူကိုပင် မိခင်နို့ ရက်နှစ်ဆယ်ခန့်သာ တိုက်ခဲ့ရသည်ဟု ဆိုသည်။ ဇာတ်ကားများ ရိုက်ကူးရာတွင်လည်း ဇာတ်ရုပ်အမျိုးမျိုးဖြင့် ပါဝင်သရုပ်ဆောင်ခဲ့ရပြီး ကြည်ကြည်ဌေး နှစ်ကိုယ်ခွဲရိုက်သည့်ကားတွင် မိတ်ကပ်အထူးပြုလုပ်ချက်များဖြင့် ကြည်ကြည်ဌေးအဖြစ် သရုပ်ဆောင်ခဲ့သည်။
ဇာတ်ကားတစ်ကားတည်း၌ သူတောင်းစားဇာတ်ရုပ်၊ ဟိုတယ်မယ် (အပျော်မယ်) ဇာတ်ရုပ်နှင့် တောသူမဇာတ်ရုပ်များကို တစ်ယောက်တည်း ပါဝင်ရိုက်ကူးခဲ့ဖူးကြောင်း ဒေါ်အေးကြည်ကပြောသည်။
မည်သူ့ဇာတ်ရုပ်နှင့် သရုပ်ဆောင်ရသည်ဖြစ်စေ လှချင်သောကြောင့် ခန္ဓာကိုယ်ကို ထိန်းသိမ်းဖြစ်သလို ၎င်းတို့ခေတ်၏ ၀ိတ်လျှော့နည်းကိုလည်း ပြန်လည်မျှဝေသည်။
‘‘မအေးကြည် နင်ဝလာတယ်။ ၀ိတ်လျှော့ဦးဆိုတော့ အမေတို့ခေတ်က ဒီနေ့ခေတ်လို ပိန်ဆေးတွေ ဘာတွေ သောက်တာမျိုးမရှိဘူး။ အဲဒီတုန်းက ပျော်ဘွယ်မုန့်ကြွပ်ဆိုတာ ရှိတယ်။ ညစာကို ပျော်ဘွယ်မုန့်ကြွပ်နှစ်ခုစားပြီး ခန္ဓာကိုယ်ကို ထိန်းခဲ့ရတယ်’’ဟု ပြောသည်။
ဆင်းရဲသားကာရိုက်တာအတွက် အိမ်ရှိလူများ၏ အ၀တ်အစားဟောင်းများကို ပြန်ချုပ်ကာ ပြင်ဆင်ခဲ့ရသလို ယခုအချိန်ထိ သိမ်းဆည်းထားသော အ၀တ်အထည် အသုံးအဆောင်ပစ္စည်းများ ရှိသေးကြောင်း ရိုက်ကွင်းတွင် အသုံးပြုခဲ့ဖူးသည့် ဘီးအကျိုးတစ်ချောင်းကိုပြရင်း ပြောပြသည်။
‘‘အမေက ဆင်းရဲတာဆို ခေါင်းမှာကလစ်တောင်မထိုးဘူး။ မိတ်ကပ်မလိမ်းဘူး။ တစ်ခါတလေ သနပ်ခါးလေးနဲ့ပဲပြီးတာ။ ဒါတောင် အဆင့်ရှိတဲ့ဇာတ်ရုပ်မှ သနပ်ခါးလိမ်းတာ။ အဆင့်မရှိတာဆို ဘာမှမလိမ်းဘူး။ မျက်နှာပြောင်နဲ့ အမေတို့က ကိုယ့်ကာရိုက်တာကိုယ် ထိန်းတယ်။ ရိုက်ကွင်းကိုသွားရင် ကတ္တီပါဖိနပ်ကို ကြော့နေအောင် စီးသွားတယ်။ ဒါပေမဲ့ ဇာတ်ကားရိုက်ပြီဆိုတာနဲ့ သေသေချာချာ ထုပ်ပိုးလာတဲ့ ဖင်မြီးပြတ်နေတဲ့ဖိနပ်ကို ထုတ်စီးရတယ်’’ဟု ဇာတ်ရုပ်အပေါ် တန်ဖိုးမည်မျှထားသည်ကို ဒေါ်အေးကြည်က ပြောပြသည်။
လက်ရှိ ဗီဒီယိုလောကတွင်မူ ၎င်းတို့ခေတ်နှင့် မတူညီတော့ဘဲ ကာရိုက်တာပိုင်းကို အဓိကထား၍ သရုပ်ဆောင်မှု လျော့နည်းသွားကြောင်း ဒေါ်အေးကြည်က ၎င်း၏အတွေ့အကြုံနှင့်ယှဉ်၍ ပြောသည်။
‘‘ငယ်တဲ့လူတွေနဲ့ တွဲဖူးတယ်။ ဒါပေမဲ့ အရင်ကလူတွေနဲ့တော့ မတူဘူး။ အရင်ကတွဲခဲ့တဲ့ မင်းသမီးတွေနဲ့ဆိုရင် ယောင်းမရေ ဒါကဒီလိုရှိတယ်။ ဒီစကားပြောရင် ဒီလိုလုပ်မယ်။ ယောင်းမက ဒီလိုလုပ်ဆိုရင် ငါဒီလိုလုပ်မယ်။ အဲဒီလိုမျိုးတွေ ညှိတယ်။ ဒီနေ့ခေတ်ကလေးတွေက အဲဒါမျိုးတွေမရှိဘူး။ သူတို့ တတ်တယ်ဆိုတာမျိုးတွေ လုပ်လာတာ အဲဒါမျိုးတွေ မခံချင်ဘူး။ အမေက ၄၈ ခုနှစ်ကတည်းက ဒီပညာကို မွေးလာတာဆိုတော့ ပညာမာနတော့ရှိတယ်’’ဟု ပြောသည်။
ထို့ပြင် လက်ရှိဗီဒီယိုလောကတွင် ကိုယ်လုပ်ပြချင်သည့် သရုပ်ဆောင်မှုကို ပြသခွင့်မရဘဲ အချိန်ကိုလု၍ ရိုက်ကူးရသောကြောင့် အားရမှုမရှိသည့် ရိုက်ကွင်းများကို ကိုယ်တိုင်လည်း ကြုံခဲ့ရကြောင်း ခေတ်နှစ်ခေတ် ရိုက်ကွင်းများကို နှိုင်းယှဉ်၍ ပြောပြသည်။
‘‘အခုရိုက်နေတဲ့ ဇာတ်ကားတွေမှာ ဆင်းရဲရင်လည်း ဆင်းရဲတဲ့အတိုင်း ချမ်းသာရင်လည်း ချမ်းသာသလို ကာရိုက်တာပီအောင် လုပ်စေချင်တယ်။ အမေပိုင်တဲ့ ဆင်းရဲသားဇာတ်ရုပ်တွေဆိုရင် ဘယ်လိုလုပ်ဆိုပြီး ပြောပြချင်တယ်၊ လုပ်ပြချင်သေးတယ်။ ငါးနှစ်လောက်ကို ပြန်ငယ်သွားချင်တယ်’’ဟု ဒေါ်အေးကြည်ကပြောသည်။
ဇာတ်ကားများတွင် ကိုယ်တိုင်လည်း ရင်ထဲမှ ခံစားချက်များဖြင့် သရုပ်ဆောင်သလို သရုပ်ဆောင်အသစ်များနှင့် ရိုက်ကူးရာတွင်လည်း ရင်ထဲကခံစားချက်ကိုထည့်၍ သရုပ်ဆောင်ရန် ညွှန်ပြပေးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ယင်းကဲ့သို့ ရင်ထဲကလာသည့် ခံစားချက်များနှင့် သရုပ်ဆောင်သောကြောင့် အသက်အရွယ်ရလာချိန်တွင် နှလုံးကိုပင် ထိခိုက်ခဲ့ကြောင်း ဒေါ်အေးကြည်ကပြောသည်။
ဇာတ်ကားများတွင် ဆင်းဆင်းရဲရဲ ဇာတ်ရုပ်များကို လိုက်ဖက်မှုရှိအောင် သရုပ်ဆောင်ခဲ့သည့် ဒေါ်အေးကြည်မှာ ယခုအချိန်တွင် သားဖြစ်သူ၏ မိသားစုနှင့်အတူနေကာ ဘ၀ကို အေးအေးချမ်းချမ်း ဖြတ်သန်းလျက်ရှိသည်။
သို့သော်လည်း အိမ်တွင် တစ်ဦးတည်းနေရသည်မှာ များသောကြောင့် အမေများအဖွဲ့ဆီသို့ သွားရသည့်အချိန်သည် ၎င်းအတွက် ပျော်ရွှင်ဖွယ်အချိန်များ ဖြစ်သည်ဟု ဆိုသည်။
‘‘အမေများအဖွဲ့ကို သွားရမယ်ဆို လာခဲ့ပျော်လို့။ ပျော်တယ်ဆိုတာက အသက်အကြီးဆုံးဆိုတော့ အမေ့ကိုလည်း လေးစားကြတယ်။ ဟဲ့ကောင်မတွေ ဘယ်လိုက ဘယ်ချမ်းသာဆိုပြီး ဖဲရိုက်တာက များတာပဲ။ ရိုက်တာကလည်း ငါးဆယ်ဝိုင်း၊ ၀ိုင်းစတာနဲ့ ငြင်းပြီးဆူညံနေတာ’’ဟု အမေများအဖွဲ့နှင့်အတူ ဖြတ်သန်းဖြစ်သည့်အကြောင်းကို ရယ်မောရင်းပြောသည်။
ထို့ပြင် အမေများအဖွဲ့၌ အသက်အကြီးဆုံးဖြစ်သော်လည်း ခရီးတစ်ခုသွားမည်ဆိုပါက သူ့ကိုစောင့်ခဲ့ရသည်မှာ တစ်ကြိမ်မျှမရှိဘဲ ရှေ့ဆုံးက ရောက်နေတတ်သည်ဟု ဆိုသည်။
‘‘ယိမ်းတိုက်ရမယ်ဆိုရင် ပျော်တယ်။ ကိုယ့်ဟာကိုယ် ချက်စားကြမယ်ဆိုပြီး ငါးယောက်လောက်ကို တစ်ယောက်နှစ်ထောင်စု ညနေဘာစားချင်တယ်ဆိုပြီး စားကြတယ်။ အဲဒီလိုပျော်တာ။ ခုနစ်ဆယ့်နှစ်နှစ်ရှိပြီ။ မမကြည်ရေ ဒီနှစ်ကမှာလားဆိုရင် အေး ကျန်းမာရင်တော့ကမယ်။ ဒါပေမဲ့လည်း တစ်ခါမှတော့ မပျက်ခဲ့ဘူး’’ဟု ပြောသည်။
ထို့ပြင် အသက်ကြီးလာခြင်းကြောင့် ကပြသည့်နေရာတွင် ကကွက်များမေ့တတ်၍ ဉာဏ်သုံးကာ နောက်မှသာနေ၍ ကပြဖြစ်သည့်အကြောင်းကို ‘‘ယိမ်းတိုက်မလားလာခဲ့။ သူတို့တွေကကြစမ်း ဒေါ်အေးကြည်က အေးဆေးပဲ နောက်ပြီးကရင်လည်း ဘယ်တော့မှ ရှေ့မှာမနေဘူး။ နောက်ကပဲ။ နောက်မှာက လိမ်လို့ရတယ်။ ကိုယ်မှားတာ လူမသိဘူးလေ။ ဒါပေမဲ့ အမေက သီချင်းကိုတော့ ရအောင်ကျက်တယ်။ ကျက်တယ်ဆိုတာကလည်း ငယ်တဲ့သူတွေ ကျက်တာကို နားကစွဲပြီး အလွတ်ရနေတာ’’ဟု ပြောသည်။
ထို့အတူ သရုပ်ဆောင်အနုပညာကိုလည်း စိတ်မကုန်သေးကြောင်းကို ဒေါ်အေးကြည်က အောက်ပါအတိုင်းပြောသည်။
‘‘ဒါရိုက်တာကြီးတွေ တကယ်လိုအပ်လို့ ဇာတ်ရုပ်နဲ့ကိုက်မယ်ဆိုရင် ပိုက်ဆံစကားမပြောနဲ့ လာလုပ်ပေးမယ်။ ၀ါသနာကတော့ ရှိသေးတယ်’’

No comments:

Post a Comment