Tuesday, August 26, 2014

ဆီးရီးယားသို့ ထောက်လှမ်းရေး လေယာဉ်များ စေလွှတ်ရန် အမေရိကန် စီစဉ်

ဆီးရီးယားရှိ အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့များ၏ လှုပ်ရှားမှုများကို ခြေရာခံ ဖော်ထုတ်နိုင်ရန်အတွက် အမေရိကန် ပြည်ထောင်စုက ထောက်လှမ်းရေး လေယာဉ်များ ပေးပို့သွားရန် စီစဉ်နေကြောင်း သိရှိရသည်။
အဆိုပါ အစီအစဉ်တွင် ထောက်လှမ်းရေး လေယာဉ်ပျံများ၊ မောင်းသူမဲ့ လေယာဉ်များကို ဆီးရီးယားထံ
ပို့လွှတ်ပေးပြီး မြေပြင်တွင် လှုပ်ရှားနေသည့် IS စစ်သွေးကြွတို့ကို ရှင်းလင်းသော ဓာတ်ပုံမှတ်တမ်းများ ရိုက်ယူရန် စီစဉ်ထားသည်။ IS တို့သည် ဆီးရီးယားနှင့် အီရတ်တို့ရှိ နယ်မြေ အများအပြားကို သိမ်းယူပြီး အစ္စလာမ်မစ် နိုင်ငံတော် အမည်ဖြင့် (အပြည်ပြည်ဆိုင်ရာ အသိအမှတ် မပြုသော) နိုင်ငံတစ်ခုကို တည်ထောင်ထားသည်။
ဆီးရီးယားတွင် အမေရိကန် တိုက်လေယာဉ်များက IS တို့၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို အကန့်အသတ်ဖြင့် ဗုံးကြဲ တိုက်ခိုက်နေသည်မှာ လဝက်ကျော်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခုကဲ့သို့ ထောက်လှမ်းရေး လေယာဉ်များ ပို့လွှတ်ရန် စီစဉ်ခြင်းကြောင့် ဆီးရီးယားတွင် အမေရိကန်၏ လေကြောင်းထိုးစစ် အရှိန်အဟုန် မြှင့်တင်လာမည့် အရိပ်လက္ခဏာ ဟုလည်း ယူဆရဖွယ် ရှိနေသည်။
အမေရိကန် သတင်းထောက် ဂျိမ်းစ်ဖိုလေကို IS အဖွဲ့က ခေါင်းဖြတ်သတ်ခဲ့သည့် ဗီဒီယို ထွက်ပေါ်လာခြင်းကြောင့် IS တို့ကို အမေရိကန်က အရေးယူမှု အရှိန်အဟုန် မြင့်တက်လာဖွယ် ရှိနေကြောင်းလည်း Wall Street ဂျာနယ်က ဖော်ပြခဲ့သည်။ ဆီးရီးယားသို့ စေလွှတ်မည့် ထောက်လှမ်းရေး လေယာဉ်များက တိုက်လေယာဉ်များအတွက် ပိုမိုတိကျသည့် ပစ်မှတ်များကို ရှာဖွေ မှတ်သားပေးရန် တာဝန်ယူဖွယ် ရှိနေသည်။
အမေရိကန်သည် ဇူလိုင်လ အတွင်းက ဆီးရီးယား ပိုင်နက်ထဲသို့ လေယာဉ်များ စေလွှတ်ကာ IS တို့လက်တွင် ဖမ်းဆီးထားသည့် အမေရိကန် နိုင်ငံသားများကို ကယ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ အမေရိကန် အထူးတပ်ဖွဲ့များ ရောက်ရှိသွားချိန်တွင် အဆိုပါ နေရာမှ ဓားစာခံများကို IS တို့က ကြိုတင် ရွှေ့ပြောင်းပြီး ဖြစ်နေခဲ့ကြောင်း သိရှိရသည်။
_Ref: Channelnewsasia

No comments:

Post a Comment