Thursday, August 7, 2014

စနိုးဒင်ပြီးတော့ ဘယ်သူလဲ




အမေရိကန်နိုင်ငံ၏ ထောက်လှမ်းရေးအချက်အလက်များအား အက်ဒ၀ပ်စနိုးဒင်က ဖွင့်ချခဲ့ပြီးသည့် နောက်ပိုင်း အမျိုးသားလုံခြုံရေးအေဂျင်စီ၏ အချက်အလက်များကို ဖော်ထုတ်နေသူနောက်ထပ်တစ်ဦး ရှိနေသေးကြောင်း အမေရိကန်အစိုးရက ကောက်ချက်ချထားသည်။

စနိုးဒင်၏ ဖွင့်ချမှုများအား ထုတ်ပြန်ခဲ့သူ ဂလန်းဂရင်းဝေါ၏ သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Intercept

တွင် သြဂုတ် ၅ ရက်က အမျိုးသား လုံခြုံရေးအေဂျင်စီ၏ အချက်အလက်များ သတင်းတစ်ခုအဖြစ် ထွက်ပေါ်ခဲ့ခြင်းသည် လျှို့ဝှက်သတင်းများအား ဖွင့်ချနေ သူ နောက်ထပ် တစ်ဦးရှိ နေကြောင်း အထောက်အထားတစ်ခု ဖြစ်လာခဲ့သည်။အဆိုပါ Intercept ၏ သတင်းတွင် သမ္မတအိုဘားမား၏ အစိုးရလက်ထက်အတွင်း အကြမ်း ဖက်မှုများတွင် သံသယ ရှိနေသူများ စာရင်း၌ ဖော်ပြခံထားရသူ အရေအတွက် များပြားလာခြင်းကို အဓိကထား ဖော်ပြထားသည်။

ယင်းသတင်းတွင် စနိုးဒင် အနေဖြင့် တရားစွဲဆိုခံရမှုမှ ရှောင်ရှားနိုင်ရန် အမေရိကန်နိုင်ငံအတွင်းမှ ထွက်ခွာသွားပြီးသည့်နောက်ပိုင်း ၂၀၁၃ ခုနှစ်၊ သြဂုတ်လအတွင်း အမျိုးသားအကြမ်းဖက်နှိမ်နှင်းရေး ဌာန (NCC) က ပြုစုခဲ့သည့် စာရင်းတွင် ပါဝင်ခဲ့သည့် အချက်အလက်များ ကို ဖော်ပြထားသည်။

ဂရင်းဝေါက လျှို့ဝှက်ချက်များကို ဖောက်ချနေသူတစ်ဦးရှိနေသေးကြောင်း သုံးသပ်ထားသကဲ့သို့ ၎င်း၏ Twitter တွင်လည်း “လျှို့ဝှက်ချက်တွေ ကို ဖောက်ချနေတဲ့သူ နောက်တစ်ဦး ရှိနေတာ သေချာ ပါတယ်” ဟု ရေးသားထားသည်။

CNN ၏ Reliable Sources ရုပ်သံအစီအစဉ်ဖြင့် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် တွေ့ဆုံမေး မြန်းခန်းတစ်ခုတွင် ဂရင်းဝေါက “စနိုးဒင်ရဲ့သတ္တိနဲ့ သူရဲ့ လုပ်ဆောင်မှုတွေကို အားကျနေတဲ့သူတွေရှိ နေမယ်ဆိုတာ ကျွန်တော်လုံးဝကို ထင်ထားပါတယ်” ဟု ပြောကြားသည်။

“အစိုးရအဖွဲ့ထဲမှာ စနိုးဒင်ရဲ့ မိုက်မိုက်မဲမဲ လုပ်ရပ်တွေကို အားကျနေတဲ့သူတွေရှိတယ်ဆိုတာ ကျွန်တော် သံသယမရှိပါဘူး” ဟု ၎င်းက ထပ်မံပြောကြားသည်။

လျှို့ဝှက်ချက်များကို နောက်ထပ်ဖွင့်ချသူတစ်ဦး မည်မျှအထိ ဖော်ထုတ်ပြီးဖြစ်ကြောင်းနှင့် ထိခိုက်နစ် နာမှု မည်မျှအထိ ရှိလာမည်ကို မသိရှိရသေးပေ။

၎င်းဖွင့်ချထားသည့် လျှို့ဝှက်အချက်အလက်မှတ်တမ်းများကိုလည်း အခြားနိုင်ငံများသို့ ပေးပို့ခြင်းမပြု လုပ်စေရန် “လျှို့ဝှက်” ၊ “ပြည်ပနိုင်ငံ အတွက် မဟုတ်” ဆိုသည့် အမှတ်အသားများ ပြုလုပ်ထားသည်။

ယခုဖွင့်ချလိုက်သည့် အချက်အလက်များသည် စနိုးဒင် ဖော်ထုတ်ခဲ့သည့် အချက်အလက်များကဲ့သို့ များစွာ အရေးမကြီးကြောင်း သိရသည်။
စနိုးဒင်သည် ဖွင့်ချခဲ့သည့် လျှို့ဝှက်အချက်အလက်ပေါင်း ၁ ဒသမ ၇ သန်းတွင် အများစုမှာ “ထိပ်တန်းလျှို့ဝှက်” ဆိုသည့် အမှတ်အသား များ ပြုလုပ်ထားသည့် အချက်အလက်များဖြစ်သည်။

အချက်အလက်အများအပြား စုဆောင်းသည့် နေရာ

“အကြမ်းဖက်သမားများ၏ အချက်အလက်များအား သိုမှီးထားရာ ၀န်းကျင်ဒေသ” ဟု အမည်ပေးထား သည့် အချက်အလက်အများအပြား စုဆောင်းရာနေရာတွင် အမည်ပေါင်း တစ်သန်းခန့်ကို သိုမှီးထား ကြောင်း အမေရိကန်အရာရှိတစ်ဦးက CNN သို့ အတည်ပြုပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက် ခရစ်စမတ်နေ့တွင် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှ အမေရိကန်နိုင်ငံ၊ မက်ချီဂန်ပြည်နယ် ဒက်ထရိုက်မြို့သို့ ပျံသန်းလာသည့် လေယာဉ်ပေါ်တွင် အောက်ခံအ၀တ်အစားအတွင်း ၀ှက်၍ သယ်ဆောင်လာသည့် ဗုံးဖြင့် ဖောက်ခွဲရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ဘဲ အဗ္ဗဒူမူတာလက်ဆိုသူအား ဖမ်းဆီးနိုင်ခဲ့ပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်နောက်ပိုင်း စောင့်ကြည့်ရမည့် အကြမ်းဖက်သမားစာရင်းအချက်အလက် ပိုမိုများပြား လာခဲ့သည်။ အမျိုးသားအကြမ်းဖက် တိုက်ဖျက်ရေးဌာန (NCC) ၏ အစီရင်ခံစာအရ TIDE ဟု အမည်ပေးထားသော အကြမ်းဖက်သမားများနှင့်ပတ်သက်သည့် အချက်အလက်များ သိုလှောင်သည့် စာရင်းတွင် ခရစ်စမတ်နေ့ ဗုံးခွဲရန် ကြိုးပမ်းမှုမတိုင်ခင်က စောင့်ကြည့်ရမည့်သူ အရေအတွက် ၅၀၀၀၀၀ သာရှိခဲ့ရာမှ ၈၇၅၀၀၀ သို့ တိုးလာကြောင်း သိရသည်။

Intercept ၏ ဆောင်းပါး

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ မတိုင်မီက အကြမ်းဖက်သမားများ စောင့်ကြည့်ရေး အချက်အလက် (TSDB) ခေါ် စောင့်ကြည့်ရမည့် အကြမ်းဖက် သမားစာရင်းတွင် ၇၀၀၀၀၀ သာရှိခဲ့ကြောင်း အမေရိကန်အရာရှိ တစ်ဦးက ပြောကြားသည်။ ၎င်းတို့အနက် အမေရိကန်တွင် အမြဲတမ်းနေထိုင် ခွင့်ရရှိထားသူ ၁ ရာခိုင်နှုန်းအောက်ပါဝင်ပြီး အမေရိကန်နိုင်ငံသားများက ၀ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။

အမည်အရေအတွက်မှာ ခရစ်စမတ်နေ့ ဗုံးခွဲရန် ကြိုးပမ်းမှုနောက်ပိုင်း မြင့်တက်ခဲ့ပြီး မကြာသေးမီက ဖော်ပြခဲ့သည့် သတင်းများတွင် ၁ ဒသမ ၅ သန်းနီးပါးသို့ ရောက်ရှိလာခဲ့သည်။ လက်ရှိအချိန်တွင်မူ TSDB စာရင်းတွင် အရေအတွက် မည်မျှသို့ ရောက်ရှိလာသည်ကို မသိရှိရသေးပေ။
စောင့်ကြည့်ရမည့် အကြမ်းဖက်သမားများ စာရင်းတွင် ပါဝင်သူ ၄၀ ရာခိုင်နှုန်းသည် အကြမ်းဖက် အုပ်စုများနှင့် ဆက်နွှယ်မှုမရှိကြောင်း Intercept သတင်းတွင် ဖော်ပြခဲ့သည်။ အဆိုပါ အကြောင်းအ ရာနှင့် ကျွမ်းဝင်မှုရှိသော အမေရိကန်အရာရှိများက ယင်းသတင်းသည် ဆီလျော် မှုမရှိဘဲ မှားယွင်း သည့် အချက်အလက်များပေါ်တွင် အခြေခံထားကြောင်း ပြောကြားသည်။

အကြမ်းဖက်သမားများ စာရင်းထဲက အမေရိကန်များ

အဆိုပါ သတင်း၌ပင် ၂၀၁၃ ခုနှစ်၊ သြဂုတ်လမတိုင်မီအထိ TSDB စာရင်းတွင် အမေရိကန်နိုင်ငံသား ၅၀၀၀ ပါဝင်ပြီး အခြား ၁၅၈၀၀ ဦးမှာ TIDE စာရင်းတွင် ပါဝင်ကြောင်း ဖော်ပြထားသည်။

အမည်စာရင်းတွင် ပါဝင်သူအများစု နေထိုင်သည့် မြို့များမှာ နယူးယောက်၊ ဒီးယားဘွန်း၊ မက်ချီဂန်၊ ဟော့စတွန်၊ ဆန်ဒေဂိုနှင့် ချီကာဂို တို့ဖြစ်ကြောင်း Intercept သတင်းတွင် ဖော်ပြထားသည်။ ဒီးယားဘွန်းမြို့သည် အာရပ်နှင့် မွတ်စလင်အများစု နေထိုင်သည့် မြို့ဖြစ်သည်။

၂၀၁၃ ခုနှစ် ဘော်စတွန်မာရသွန် ဗုံးခွဲခံရမှုနောက်ပိုင်း အမေရိကန်အစိုးရအနေဖြင့် အမေရိကန်တွင် ယာယီနေထိုင်ခွင့်ရရှိထားသူများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုဆောင်းရန် ပိုမို လုပ်ဆောင်လာခဲ့သည်။

ပင်တဂွန်စစ်ဌာနချုပ်တွင် အချက်အလက် သိမ်းဆည်းထားမှု စနစ်

“လျှို့ဝှက်” ဟု အမည်ပေးသည့် အချက်အလက်များက ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန် ကြီးဌာနတို့က လျှို့ဝှက်အချက် အလက်များအား မျှဝေအသုံးပြုသည့် ပင်တဂွန်စစ်ဌာနချုပ်၏ ကွန်ပြူ တာစနစ်ဖြစ်သော SIPRNet တွင် သိမ်းဆည်းထားသည်။

Government Accountability Office ၏ လေ့လာမှုတစ်ခုအရ ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် လျှို့ ၀ှက်ချက်များ၊ ထိပ်တန်းလျှို့ဝှက်ချက်များ၊ အတိမ်းအစောင်းမခံသော သတင်းအချက်အလက်များ စုစုပေါင်း ၃ ဒသမ ၂ သန်းကို ထိန်းသိမ်းထားခဲ့ရသည်။

SIPRNet သည်လည်း ချယ်ဆီမန်နင်ဟုခေါ်သော အမေရိကန်တပ်ဖွဲ့ဝင်ဟောင်းက အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ သတင်း အချက်အလက်များအပါအ၀င် အချက်အလက်ပေါင်း သိန်းနှင့်ချီ၍ ၀င် ရောက်ကြည့်နိုင်ခဲ့သည့် ကွန်ပြူတာစနစ်ပင်ဖြစ်သည်။

စနိုးဒင်၏ ပြဿနာမပေါ်ပေါက်ခင် အချိန်အထိ မင်နင်၏ လျှို့ဝှက်ချက်ဖွင့်ချမှုသည် အမေရိကန် ထောက်လှမ်းရေးသတင်းပေါက်ကြားမှု သမိုင်းတွင် အများဆုံးဖြစ်ခဲ့သည်။
Ref: CNN
Mizzima

No comments:

Post a Comment