Monday, August 25, 2014

အမြန်လမ်းဘေးရှိ ရော်ဘာခြံများ သြဂုတ် ၂၈ ရက် နောက်ဆုံးထား ပြောင်းရွှေ့ရန် သတိပေး

အမြန်လမ်းဘေးရှိ ရော်ဘာစိုက်ခင်းတစ်ခု ( ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ) )
ရန်ကုန်−နေပြည်တော် အမြန်လမ်းဘေးရှိ ရော်ဘာစိုက်ပျိုးရေးခြံများကိုသြဂုတ် ၂၈ ရက် နောက်ဆုံးထား ပြောင်းရွှေ့ပေးရန် လှည်းကူးမြို့နယ် အုပ်ချုပ်ရေးမှူးက သတိပေးထားကြောင်း သတင်းရရှိသည်။
အမြန်လမ်းဘေးရှိ  ဧက ထောင်နှင့်ချီသည့်  ရော်ဘာခြံများ လုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး
လက်ရှိ ရော်ဘာစိုက်ပျိုးရေး လုပ်ဆောင်နေသည့် လုပ်ငန်းရှင်များ နှင့် တပ်မ ၁၁၊ တပ်မတော်မှ ကျောထောက်နောက်ခံ ပြုထားသည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့အကြား ကာလရှည်ကြာ အငြင်းပွားနေခဲ့ခြင်း ဖြစ်သည်။
လုပ်ကိုင်ခွင့် အငြင်းပွားနေသည့် ယင်းမြေနေရာများတွင် လက်ရှိရော်ဘာစိုက်ပျိုးသူ ၆၀ ခန့် က အခိုင်အမာ စိုက်ခင်းများ စိုက်ပျိုးထားပြီး မြန်မာ့စီးပွားရေးကော် ပိုရေးရှင်းကလည်း ယင်းမြေနေရာသည် ၎င်းတို့ ပိုင်ဆိုင်သည့် နေရာဖြစ်ကြောင်း သတိပေးဆိုင်းဘုတ်များ နေရာအနှံ့အပြားတွင် စိုက်ထူထားသည်။
‘‘ရင်းနှီးထားတဲ့ ပမာဏက နည်းတာမဟုတ်ဘူး။ ကျွန်တော်တို့က  အကျိုးတူလုပ်ဖို့  ပြောတာ ညှိလို့မရဘူး။ အပင်တွေက တော်တော်စိုက်ထားပြီးပြီ။ ဒီအ ခြေအနေရောက်မှ ထွက်သွားရမယ်ဆိုရင် ကျွန်တော်တို့ ဆုံးရှုံးမှုက နည်းမှာမဟုတ်ဘူး’’ဟု အငြင်းပွားနေသည့် စိုက်ပျိုးမြေများတွင် လက်ရှိ စိုက်ပျိုးနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး လှည်းကူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။
 ယင်းမြေနေရာများသည် တပ်မတော်ပိုင် မြေနေရာများဖြစ်ပြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက တရားဝင် လုပ်ကိုင်ခွင့်ရထားသည့် မြေနေရာများ ဖြစ်ကြောင်း၊ စီမံကိန်းဧရိယာအတွင်း တရားမ၀င် ၀င်ရောက်မှုများအတွက် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ အရာရှိတစ်ဦးက သတင်းထောက်များအား ထုတ်ဖော်ပြောဆိုထားသည်။

No comments:

Post a Comment